တကောင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

By ပါခွီး (မဇ္စျိမ)
22 January 2023
တကောင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဇန်နဝါရီလ ၂၂ ရက်

မန္တလေးတိုင်း၊ တကောင်းမြို့နယ်တွင် ကားသုံးစီးဖြင့်ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုများရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တကောင်း)က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တကောင်းမြို့နယ် လေးမိုင်ကျေးရွာအနီး ပီလောပစ်ဘုန်းကြီးကျောင်းတွင် အင်အား ၈၀ ခန့်ဖြင့် အထိုင် ချထားသည့်အထဲမှ စစ်ကောင်စီတပ်သား ၄၀ ခန့်သည် Double cab အမျိုးအစား ကားသုံးစီးဖြင့် တကောင်းလမ်းဆုံဘက်သို့ ဆင်းလာစဉ် မွန်းလွဲ ၂နာရီ ၃၀ မိနစ်အချိန်တွင် ဘုန်းကြီးကျောင်းအထွက် တွင် နှစ်စီးမြောက်ကားနှင့် နောက်ဆုံးကားတို့အား ရှေ့ထွက်မိုင်းတစ်လုံး ၊ ပဒေသာမိုင်းတစ်လုံး စုစုပေါင်း မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံးများပြားနိုင်ပြီး နာရေး ကားများဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့သည် တကောင်းမြို့အတွင်းမှ ကားတစ်စီးဖြင့်ထွက်လာပြီး သုံးမိုင်ကျေးရွာ အနီး အရောက်တွင် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာရှိ သစ်ခွဲစက်လိုင်းခန်းမှ ပြည်သူသုံးဦး ခြေထောက်၊ ရင်ဘတ်နှင့် လက်မောင်းများ ကျည်အသီးသီးထိမှန်ခဲ့ကြောင်း သိရသည်။

ကျည်ထိမှန်သော လူနာများအား မြို့တွင်းမှ လူနာတင်ကားခေါ်၍ ဆေးရုံပို့ရန်အကူအညီတောင်းခဲ့သော် လည်း ရောက်မလာသဖြင့် သုံးဘီးငှားပြီး တကောင်းမြို့ဆေးရုံသို့ သွားရောက်ဆေးကုသနေရကြောင်း ဆိုသည်။

ပြည်သူများအနေဖြင့် ယခုဖြစ်ပျက်နေသော နေရာတဝိုက်သို့ အချိန်ကြာရှည်စွာ ရပ်တန့်နေခြင်းမပြု လုပ်ရန်၊ စစ်ကောင်စီတပ်သားများနှင့် ရောထွေးခြင်း၊ စစ်ယာဉ်တန်းများနှင့် ကပ်လိုက်ခြင်းများ လုံးဝမပြု လုပ်ရန် ကာကွယ်ရေးတပ်ဖွဲ့က အသိပေးကြေညာထားသည်။

ထို့ပြင် သတ်မှတ်အချိန်အတွင်းသာ ကားလမ်းများကိုအသုံးပြုကြရန် မိဘပြည်သူများကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(တကောင်း)က လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်ကြောင်း ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ကလည်း သပိတ်ကျင်းမြို့နယ် တောင်တလုံးရွာနှင့် အင်ပျံရွာအကြားတွင် စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်း သုံးလုံး၊ ရှေ့ထွက်မိုင်း နှစ်လုံးတို့ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တကောင်းက တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly