ပါကစ္စတန် ရဲစခန်းအကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် ရဲအရာရှိ ၄ ဦး သေဆုံး

By ANI
22 January 2023
 ပါကစ္စတန် ရဲစခန်းအကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် ရဲအရာရှိ ၄ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ပါ့ရှ်ဝါမြို့  ဆင်ခြေဖုံးရပ်ကွက်ရှိ ဆာဘန်းရဲစခန်းကို ဇန်နဝါရီ ၁၄ ရက် နံနက်အစောပိုင်းက   အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ  လက်ထောက်ရဲမှူး ၁ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း The News International က ဖော်ပြသည်။ 
ညကြည့် အနီအောက်ရောင်ခြည်မျက်မှန်များတပ်ဆင်ထားသည့် အကြမ်းဖက်သမားများက ဆာဘန်းရဲစခန်းကို လက်ပစ်ဗုံးများ၊ စနိုက်ပါသေနတ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်းနှင့် အနည်းဆုံး အကြမ်းဖက်သမား ၆ ဦးမှ ၈ ဦးအထိ ပါဝင်သည်ဟု ရဲတပ်ဖွဲ့စစ်ဆင်ရေးအကြီးတန်းအရာရှိ ကာရှစ်အက်ဖ်တက် အာဘာစီက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၁၂ ဦးမှ ၁၄ ဦးအထိ ရဲစခန်းတွင် ရှိနေကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့  (SSP) ကပြောသည်။  
အကြမ်းဖက်သမားများက ရဲစခန်းဝင်းအတွင်းသို့ လက်ပစ်ဗုံး ၅ လုံးဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ လက်ပစ်ဗုံး ၁ လုံး ပေါက်ကွဲခဲ့သော်လည်း   ၄ လုံး မှာ မပေါက်ကွဲအောင် ဟန့်တားနိုင်ခဲ့သည်ဟု ကာရှစ်ဖ်က ဆိုသည်။ အကြမ်းဖက်သမားများသည် တိုက်ခိုက်မှုအပြီး  ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲအရာရှိများက ပြောသည်။ 
ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ် ဝန်ကြီးချုပ် မက်မွတ်ခန်းက ဆာဘန်းရဲစခန်း အကြမ်းဖက်တိုက်ခိုက်ခံရမှုကို ရှုတ်ချခဲ့ပြီး ဝမ်းနည်းစရာကောင်းသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊     ရဲတပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်အနစ်နာခံမှုများသည် အချည်းနှီး ဖြစ်မည်မဟုတ်ကြောင်းနှင့်  ရဲတပ်ဖွဲ့ဝင်များက ရဲရဲရင့်ရင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
ထို့ပြင်  ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီ ဥက္ကဋ္ဌ အီမရန်ခန်းက အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချပြီး စိတ်မကောင်းဖြစ်ရကြောင်း အသက်ဆုံးရှုံးခဲ့ရသော ရဲဝန်ထမ်းများ၏ မိသားစုဝင်များကို ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ 
ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရာနာဆနူလာကလည်း တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အစိုးရသည် ခိုင်ဘာပက်ခ်တွန်ခဝါ၏ တရားဥပဒေစိုးမိုးရေး အခြေအနေကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ “ခိုင်ဘာပတ်တွန်ခဝါပြည်နယ် ပြည်နယ်မှာ ဆိုးရွားနေတဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေတွေကို ဌာနချုပ်က ပြင်းပြင်းထန်ထန် စိုးရိမ်နေပါတယ်၊ အကြမ်းဖက်သမားတွေက ရဲစခန်းတွေကို တိုက်ခိုက်တာတွေ၊ ရဲတွေနဲ့ အရာရှိတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်နေတယ်။ မကြာသေးခင်က ဘန်နုဌာနချုပ်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကနေ ပြည်နယ်အစိုးရက သင်ခန်းစာ မယူခဲ့ဘူးလို့ထင်ပါတယ်” ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
"ဝန်ကြီးချုပ်က သူ့ရဲ့ အစွမ်းအစအားလုံးကို လူစုလူဝေး ဖြိုခွဲဖို့ပဲ အာရုံစိုက်နေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဦးစားမပေးပါဘူး၊ ရဲတွေတောင်မှ အကြမ်းဖက် တိုက်ခိုက်ခံနေရတယ်ဆိုရင် ပြည်သူတွေရဲ့ လုံခြုံရေးက ဘယ်လို ဖြစ်မလဲ။ ရဲတပ်ဖွဲ့ရဲ့ အာဇာနည်တွေကို  ဂုဏ်ပြုပြီး သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အလေးပြုပါတယ်" ဟု ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရာနာဆနူလာက ရေးသားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly