ပါကစ္စတန်က ယူအေအီးနှင့်ဆော်ဒီအာရေဗျထံမှ ထောက်ပံ့ငွေ ဒေါ်လာ ၄ ဘီလီယံ ရရှိထား

By ANI
22 January 2023
ပါကစ္စတန်က ယူအေအီးနှင့်ဆော်ဒီအာရေဗျထံမှ ထောက်ပံ့ငွေ ဒေါ်လာ ၄ ဘီလီယံ ရရှိထား

ပါကစ္စတန်နိုင်ငံသည် နိုင်ငံခြားငွေအရန်ငွေများ လျော့ကျသွားခြင်း၊ ရေကြီးပျက်စီးမှုနှင့် စီးပွားရေး နှောင့်နှေးမှုများကို ရင်ဆိုင်နေရချိန်တွင် အကြွေးဆပ်ရန်ပျက်ကွက်သည့်အခြေအနေသို့ မရောက်စေရန် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နှင့် ဆော်ဒီအာရေဗျထံမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ငွေကြေးထောက်ပံ့မှု ရရှိထားကြောင်း ပါကစ္စတန်အခြေစိုက် Dawn သတင်းစာက ဖော်ပြသည်။
ယူအေအီးက လာမည့် ၂ လကျော်အကြာတွင် ပါကစ္စတန်ပေးဆောင်ရမည့် ကြွေးမြီဒေါ်လာ ၂ ဘီလီယံကျော်ကို ဆိုင်းငံ့ထားမည်ဟု ကတိပြုခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်၏ ယူအေအီးခရီးစဉ်အတွင်း ကတိပြုထားသည့် နောက်ထပ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ထပ်ဆောင်းပေးမည်ဖြစ်သည်။
 ပါကစ္စတန်ရှိ ဆော်ဒီဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ (SFD) အဖွဲ့နှင့် ရက်လွန်ငွေပေးချေမှုဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ရေနံတင်သွင်းမှု သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
ပါကစ္စတန်ဗဟိုဘဏ်၏ အရန်ငွေသည် ဇန်နဝါရီ ၁၂ ရက်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄ ဘီလီယံအထိ ကျဆင်းသွားခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။ အဆိုပါ အရန်ငွေများသည် ထိန်းချုပ်သွင်းကုန်များအတွက် ၁ လအောက်သာ ပေးနိုင်သည့် ပမာဏဖြစ်သည်။ ယူအေအီးဆီမှ ကနဦး ချေးယူထားသော အမေရိကန်ဒေါ်လာ ၂ ဘီလီယံသည် ဖေဖော်ဝါရီနှင့် မတ်လတွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြခဲ့သည်။
မကြာသေးမီက ကြွေးမြီ ရက်ရွှေ့ဆိုင်းမှုကြောင့် ပါကစ္စတန်သည် လာမည့်ရက်အနည်းငယ်အတွင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အစီအစဉ်ကို ပြန်လည်အသက်သွင်းရန်နှင့် နိုင်ငံခြားငွေအရန်ငွေများကို ပြန်လည် ဖြည့်ဆည်းရန် အခွင့်အလမ်းရခဲ့သည်။ 
သွင်းကုန်များအပေါ် ပါကစ္စတန်၏ တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုသည် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍကို ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး မရှိမဖြစ်လိုအပ်သော အခြေခံကုန်ပစ္စည်းများ ပြတ်လပ်မှုကိုလည်း ဖြစ်စေခဲ့သည်။
စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော ပါကစ္စတန်သည် ငွေကြေးဖောင်းပွမှု ပြဿနာများ၊  အစားအသောက်နှင့် ဆေးဝါးကဲ့သို့သော အခြေခံကုန်ပစ္စည်း ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ငွေကြေးအကူအညီဖြင့် ၎င်း၏စီးပွားရေးကို ဟန်မပြတ် ထိန်းသိမ်းနေရကြောင်း Al Arabiya ပို့စ်က မကြာသေးမီက ဖော်ပြခဲ့သည်။
လူပေါင်း ၁၇၃၉ ဦး သေဆုံးစေခဲ့ပြီး လူ ၃၃ သန်းကို ထိခိုက်ပျက်စီးစေသည့် ယမန်နှစ်ရေကြီးမှုအပြီးတွင် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော နည်းလမ်းဖြင့် ပြန်လည်တည်ဆောက်ရန် ရုန်းကန်နေရသည့် အကြွေးနစ်နေသော ပါကစ္စတန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်လာ ၈ ဘီလီယံကျော် ရက်ရက်ရောရော ထောက်ပံ့မည်ဟု ကတိပြုလာသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်တို့ ဂျီနီဗာတွင် ပူးတွဲကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ရာသီဥတုဒဏ်ခံနိုင်သော ပါကစ္စတန်နိုင်ငံဆိုင်ရာ ညီလာခံဖွင့်ပွဲတွင် နိုင်ငံတကာ အလှူရှင်များထံမှ နောက် ၃ နှစ် အထိ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ အကူအညီပေးရန် ဇန်နဝါရီ ၉ ရက်က တောင်းခံခဲ့သည်။ 
ကတိပြုထားသည့် ထောက်ပံ့ကူညီမှုများတွင် အစ္စလာမ္မစ် ဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ အများဆုံး လှူဒါန်းခဲ့ပြီး ကမ္ဘာ့ဘဏ်မှ အမေရိကန် ‌ဒေါ်လာ ၂ ဘီလီယံ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန် ‌ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ၊ ပြင်သစ်မှ အမေရိကန် ဒေါ်လာ ၃၄၅ သန်း၊ တရုတ်နှင့် USAID က အမေရိကန်ဒေါ်လာ သန်း ၁၀၀ စီ ၊ ဥရောပသမဂ္ဂမှ ‌ဒေါ်လာ ၉၃ သန်းနှင့် ဂျပန်နိုင်ငံမှ ‌ဒေါ်လာ ၇၇ သန်းတို့ ပါဝင်သည်။ ယခုအချိန်အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၇၅ ဘီလီယံ ကတိပြုထားကြောင်း Al Arabiya Post က ဖော်ပြသည်။
သို့သော် ပါကစ္စတန်တွင် ရေကြီးမှုမှာ လတ်တလောဖြစ်ရပ်ဖြစ်ပြီး  စီးပွားရေးကျပ်တည်းမှုမှာ နှစ်ရှည်လများ စီမံခန့်ခွဲမှု အမှားအယွင်းများကြောင့်ဖြစ်ကာ သဘာဝဘေးအန္တရာယ်တစ်ခုတည်းကြောင့်မဟုတ်ကြောင်း   သုံးသပ်သူများက ဝေဖန်ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly