လစ်သူယေးနီးယားလွှတ်တော်အမတ်က တရုတ်နှင့်ပတ်သက်ပြီး  ထိုင်ဝမ်ကို သတိပေး 

By Taipei Times  
22 January 2023
လစ်သူယေးနီးယားလွှတ်တော်အမတ်က တရုတ်နှင့်ပတ်သက်ပြီး  ထိုင်ဝမ်ကို သတိပေး 

အထိန်းအကွပ်မဲ့လုပ်ဆောင်နေသည့် တရုတ်ကြောင့် ဒေသတွင်းနှင့်ကမ္ဘာတစ်ဝန်း ဒုက္ခရောက်မည်ကို ကမ္ဘာ့အသိုင်းအဝိုင်းက သတိပြုသင့်ကြောင်း လစ်သူယေးနီးယားလွှတ်တော်အမတ် ဒိုဗီလီ ဆာကီလီနီက ဇန်နဝါရီလ ၁၂ ရက်က တိုင်ပေမြို့ရှိ သမ္မတရုံး၌ သမ္မတစိုင်အင်ဝမ်နှင့်တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
ထိုင်ဝမ်နှင့် လစ်သူယေးနီးယားပါလီမန်ဆက်ဆံရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဆာကီလီနီက လစ်သူယေးနီးယား နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီမှ အဖွဲ့ဝင် ၉ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ထိုင်ဝမ်သို့ ရောက်ရှိလာခဲ့သည်။
ကမ္ဘာကြီးသည် အချိုးအကွေ့တစ်ခုသို့ ရောက်ရှိနေပြီး ငြိမ်းချမ်းရေးကို လိုလားသူများသည် စစ်ပွဲအတွက် ပြင်ဆင်ရမည်ဖြစ်ကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်ခြိမ်းခြောက်မှု၊ ဖိအားများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရကြောင်း သူမက ပြောကြားခဲ့သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးနေသည့် ထိုင်ဝမ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရာတွင် ထူးထူးခြားခြား အောင်မြင်မှုများ ရပြီး ကမ္ဘာ့နိုင်ငံများကို ကူညီပေးနေသော်လည်း မမျှတသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဆာကီလီနီက ပြောသည်။
ဆိုဗီယက်ယူနီယံလက်အောက်တွင် သူမ၏ မိသားစု နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့်အတိတ်ကို ကိုးကား၍ ဆာကီလီနီက တရုတ်အား ယခုအတိုင်းလွှတ်ထားပါက ဒေသတွင်းသာမက တစ်ကမ္ဘာလုံးကိုပါ ထိခိုက်နစ်နာ စေကြောင်းကို သမိုင်းက ပြသလိမ့်မည်ဟု ဆိုခဲ့သည်။
ရုရှားနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်းက တွက်ချက်မှု မှားယွင်းခဲ့ခြင်းကြောင့် ယူကရိန်း၊ ဥရောပနှင့် ကမ္ဘာတစ်ဝန်းက ယခုအချိန်ထိ ပေးဆပ်နေရကြောင်း ပြောကြားခဲ့သည်။
ဆာကီလီနီက လစ်သူယေးနီးယားနှင့် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးထားရှိရန်တောင်းဆိုလျက် ထိုင်ဝမ်ကို ကျူးကျော်ရန်စမှုမှ ကာကွယ်ခြင်းသည် ကမ္ဘာငြိမ်းချမ်းရေးအတွက် အဓိကသော့ချက်ဖြစ်ပြီး နယ်ပယ်များစွာတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ပြင်းထန်သော ပထဝီဝင်နိုင်ငံရေး စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် လွတ်လပ်ပြီး ဒီမိုကရက်တစ်နိုင်ငံ ဖြစ်နေသော ထိုင်ဝမ်၏အနေအထားကို လစ်သူယေးနီးယားက စာနာမိကြောင်း ကိုယ်စားလှယ်အဖွဲ့၏ ပူးတွဲခေါင်းဆောင်နှင့် ကော်မတီဥက္ကဋ္ဌ ကက်စ်စီးနက်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly