တရုတ်ရေတပ်က တောင်တရုတ်ပင်လယ်တွင် ရန်လိုသော စစ်ရေးလေ့ကျင့်မှု ပြုလုပ် 

By Aljazeera
22 January 2023
တရုတ်ရေတပ်က တောင်တရုတ်ပင်လယ်တွင် ရန်လိုသော စစ်ရေးလေ့ကျင့်မှု ပြုလုပ် 

အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုက အငြင်းပွားမှုဖြစ်နေသော ရေပြင်တွင် စစ်ဆင်ရေးစတင် လုပ်ဆောင်ပြီးနောက် တရုတ်ရေတပ်က  တောင်တရုတ်ပင်လယ်တွင် ရန်လိုသော စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ Global Times က ဖော်ပြသည်။ 
တရုတ်ရေတပ်၏ Shandong လေယာဉ်တင်သင်္ဘောအုပ်စုသည် တောင်တရုတ်ပင်လယ်တွင်  တိုက်ပွဲအစစ်ကို ရည်ရွယ်သော စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ကွန်မြူနစ်ပါတီပိုင် Global Times သတင်းဝက်ဘ်ဆိုက်က ဇန်နဝါရီ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
ရန်လိုသော ‌လေကြောင်းတိုက်ခိုက်မှုသဏ္ဍန်လုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအတွင်း J-15 တိုက်လေယာဉ်များသည်  Shandong လေယာဉ်တင်သင်္ဘောပေါ်မှ ပျံတက်ကာ ကြားဖြတ်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်က ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။
သင်္ဘောအုပ်စုသည် မြေပြင်၊ ဝေဟင်နှင့် ရေအောက်တွင် တိုက်ခိုက်မှုနှင့်ကာကွယ်ရေးပုံစံကိုလည်း လေ့ကျင့်ခဲ့သည်ဟု ဆိုသည်။ 
အမေရိကန် ရေတပ်မှ Nimitz လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့သည် အင်ဒို-ပစိဖိတ်ဒေသတွင် ပုံမှန် စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေခဲ့သည်ဟု ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားပြီးနောက် တရုတ်က စစ်ရေးလေ့ကျင့်မှုလုပ်ဆောင်လာခြင်းဖြစ်သည်။ 
တရုတ်သည် ဗျူဟာမြောက်တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ပြောဆို၍ ယင်းနေရာတွင် ကျွန်းတုများ တည်ဆောက်ပြီး စစ်စခန်းများ ချထားသည်။
အမေရိကန်က တရုတ်၏ ရေကြောင်းလမ်းအား ဥပဒေနှင့်မညီဟု ဆိုကာ လွတ်လပ်စွာ ရေကြောင်းသွားလာမှု လေ့ကျင့်ခြင်းအဖြစ် အဆိုပါပင်လယ်ပြင်သို့ စစ်သင်္ဘောများကို ပုံမှန်စေလွှတ်လေ့ရှိသည်။
နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘော၊ ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘောနှင့် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ၃ စင်းတို့ ပါဝင်သော အမေရိကန်၏ Nimitz သင်္ဘောတင်သင်္ဘောတိုက်ခိုက်ရေးအဖွဲ့သည် တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းတိုက်ခိုက်မှု လေ့ကျင့်ရေးနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု ဇန်နဝါရီ ၁၄ ရက်တွင် အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။
လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအဖွဲ့သည် မြေပြင်နှင့် ဝေဟင်အကြား ပေါင်းစပ်လေ့ကျင့်မှုနှင့် ဂျက်လေယာဉ်နှင့် ရဟတ်ယာဉ်ပျံသန်းမှု စစ်ဆင်ရေးတို့ကိုလည်း လုပ်ဆောင်ခဲ့သည်ဟု ရေတပ်က ဆိုသည်။
တရုတ်သင်္ဘော၂ စင်းသည် Nimitz လေယာဉ်တင်သင်္ဘောအုပ်စုကို နောက်ယောင်ခံလိုက်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက CNN ရုပ်သံသတင်းဌာနသို့ ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly