တရုတ်တွင် ဖမ်းဆီးခံထားရသည့် မိသားစုဝင်များကို လွှတ်ပေးရန် အမေရိကန်အမျိုးသမီး တောင်းဆို

By ANI
22 January 2023
တရုတ်တွင် ဖမ်းဆီးခံထားရသည့် မိသားစုဝင်များကို လွှတ်ပေးရန် အမေရိကန်အမျိုးသမီး တောင်းဆို

ကယ်လီဖိုးနီးယားပြည်နယ်မှ အမေရိကန်အမျိုးသမီးတစ်ဦးက တရုတ်နိုင်ငံမြောက်ပိုင်းရှိ မြို့တစ်မြို့တွင် ဘာသာရေးကျင့်စဉ်ကြောင့်  တရုတ်အာဏာပိုင်များ၏ ထိန်းသိမ်းမှုခံထားရသည့် မိသားစုဝင် ၂ ဦးကို အကူအညီပေးရန် ဒေသအာဏာပိုင်များဆီ အသနားခံစာ ပေးပို့ထားသည်။
" ကျွန်မ အစ်မနဲ့ တူလေးကို နိုဝင်ဘာလကတည်းက အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ရဲတွေက ဖမ်းထားတယ်ဆိုတာ သိခဲ့ရပါတယ်" ဟု ရိုလန်းဟိုက်ဒေသမှ ရှူဇီခန်းက Epoch Times သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဖမ်းဆီးခံရချိန်တွင် ခန်း၏ အစ်မ အသက် ၆၀ နှစ်အရွယ် ရှုမေနှင့် သားဖြစ်သူ အသက် ၃၃ နှစ်ရှိ ဂူဇန်းသည် ဂူကျောင်ကောင်တီတွင် နေထိုင်ခဲ့သည်ဟု ဆိုသည်။ အမဖြစ်သူနှင့် အဆက်အသွယ်ပြတ်သွားပြီးနောက် ထိုသားအမိ ၂ ဦးကို ယမန်နှစ်က အောက်တိုဘာလက တရုတ်ကွန်မြူနစ်ပါတီက ထိန်းသိမ်းရေးစခန်းသို့ ခေါ်သွားခဲ့ကြောင်း တခြားမိသားစုဝင်တစ်ဦးက ရှူဇီခန်းအား ပြောပြခဲ့သည်။ 
ရဲများသည် အစ်မဖြစ်သူ ရှုမေ၏ တိုက်ခန်းနှင့် မော်တော်ယာဉ်၊ ကွန်ပျူတာနှင့် ပရင်တာ အပါအဝင် ပိုင်ဆိုင်မှု အချို့ကိုလည်း သိမ်းဆည်းခဲ့ကြောင်း Epoch Times က ဖော်ပြသည်။
 "သူတို့ကို CCP ရဲ့ ရဲတွေက အဓမ္မဖမ်းဆီးသွားတယ်ဆိုတာ သိရတော့  စိတ်မကောင်းဖြစ်ပြီး မျက်ရည်တွေ ကျခဲ့ရတယ်" ဟု ခန်းက ပြောသည်။
အစ်မဖြစ်သူမှာ ဂူကျောင်မြို့တွင် ရှိနေပြီး တူဖြစ်သူမှာ ဂူကျောင်မြို့နှင့် ၁၅ မိုင်အကွာရှိ ပြည်နယ်မြို့တော် တိုင်ယွမ်တွင် အကျဉ်းကျနေသည်။
တရုတ်အာဏာပိုင်များက ၎င်းတို့အား ဖမ်းဆီးရခြင်းမှာ ဘာသာရေး အဖွဲ့အစည်းများကိုအသုံးချကာ ဥပဒေကို ချိုးဖောက်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ သားအမိ ၂ယောက်စလုံးသည် တရားထိုင်ခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်ချက်များကို ပေါင်းစပ်ထားသည့် ဖာလွန်ဂေါင်ကျင့်စဉ်ကို ကျင့်သုံးနေသူများဖြစ်သည်။
တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများသည် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိသည် ဟု ဖော်ပြထားသော်လည်း ပုံမန်ဘာသာရေးလှုပ်ရှားမှုများကို ပုံမှန်အဖြစ်မသတ်မှတ်ဘဲ ဘာသာရေးကျင့်ထုံးများအတွက် အကာအကွယ်ပေးမှုများကို ကန့်သတ်ထားသည်။ 
ထို့ပြင် ၂၀၂၁ ခုနှစ်က ဖာလွန်ဂေါင်ဘာသာရေးလှုပ်ရှားမှုကို ကျင့်ကြံလိုက်နာသူ ၁၀၁ ဦးနှင့် ၂၀၂၀ ခုနှစ်တွင် ၁၀၇ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ဝင်များသည် ဖာလွန်ဂေါင်အဖွဲ့ဝင် ၅ ၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၉ ၀၀၀ ကျော်ကို နှောင့်ယှက်ခဲ့သည်ဟု Minghui သတင်းဌာန၏ ဖော်ပြချက်ကို ကိုးကား၍ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly