မြိုင်မြို့နယ် ဗဟင်းကျေးရွာတိုက်နယ် ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲ 

By လွှမ်းမိုး၊MTO 
22 January 2023
မြိုင်မြို့နယ် ဗဟင်းကျေးရွာတိုက်နယ် ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲ 

မဇ္ဈိမ။      ။ မကွေးတိုင်း ၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာရှိ တိုက်နယ်ဆေးရုံကို ယနေ့ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီ အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က Mi35 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည်ဟု ဒေသခံထံမှ သိရသည်။ 

“နာရီဝက်လောက်ကြာတယ်၊ ဆေးရုံကို ပစ်သွားတာ၊ ဆေးရုံမှာရှိတဲ့ လူနာနှစ်ယောက် ခြေထောက်ထိတယ် ။ ရဟတ်ယာဉ်ပေါ်ကပစ်တယ်။စက်လတ်(သေနတ်)နဲ့ဆိုတာကတော့ ရစရာမရှိအောင်ပစ်သွားတယ်” ဟုမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဆေးရုံဝန်ထမ်းများနေထိုင်သည့် အဆောင်တစ်ခု ပြိုကျပျက်စီးသွားပြီး အခြားပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်း သိရသည်။ 

အဆိုပါဆေးရုံရှိသည့် နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)အဖွဲ့များ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူက ပြောသည်။ 

စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ရုတ်တရက် ဝင်ရောက်ပစ်ခတ်မှုကြောင့် ဆေးရုံရှိ လူနာများ ၊ဆေးရုံဝန်ထမ်းများ ထွက်ပြေးခဲ့ကြရသည့်အတွက် ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိကြောင်း သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုတွင် ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“ဆေးရုံမှာ လူနာတွေ ရှိတယ် ။ ဆေးရုံတော့ မပစ်လောက်ဘူး ထင်တာ။ အရင်ဆုံး ရဟတ်ယာဉ်နဲ့ ဗုံးကြဲချတာ။ ပြီးတော့  စက်သေနတ်တွေနဲ့ ပတ်ပစ်တယ်။ ဆေးရုံ ပတ်ချာလည် ပတ်ပြီးပစ်တယ်။ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသူတွေတော့ တော်တော်လေး များတယ်။ အခုအချိန်ထိတော့ အသေအဆုံး မရှိသေးဘူး ။ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ ရထားတာတော့ ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ 

အဆိုပါ ထိခိုက်ဒဏ်ရာရသူများထဲတွင် အရိုး ထိခိုက်သူနှင့် ဦးခေါင်းထိခိုက် ဒဏ်ရာရသူများအတွက် အရေးပေါ် ခွဲစိတ်ခန်း မရှိတော့၍ အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။ 

ပစ်ခတ်ခံရသည့် ဆေးရုံးသည် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG)၏ လမ်းညွှန်ချက်ဖြင့် မြို့နယ် ပအဖ ၊ ပကဖ ၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)များက ဖွင့်လှစ်ထားသည့် တိုက်နယ်ဆေးရုံတစ်ခု ဖြစ်သည်။ 

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

#မကွေးတိုင်း
#မြိုင်မြို့နယ်
#ဗဟင်းကျေးရွာ
#ရဟတ်ယာဉ်
#ဗုံးကြဲတိုက်ခိုက်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required