ညောင်ဦးမြို့ NLD ဥက္ကဋ္ဌ တိုင်းလွှတ်တော်အမတ်ဟောင်းနှင့် သားဖြစ်သူအပါအ၀င် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး 

By 007 (မန္တလေး)
21 January 2023
ညောင်ဦးမြို့ NLD ဥက္ကဋ္ဌ တိုင်းလွှတ်တော်အမတ်ဟောင်းနှင့် သားဖြစ်သူအပါအ၀င် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး 

မန္တလေး(မဇ္ဈိမ)။   ။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် NLD ပါတီဥက္ကဋ္ဌ၊ တိုင်းလွှတ်တော်အမတ်ဟောင်း ဦး၀င်းမြင့်ခိုင်နှင့် သားဖြစ်သူအပါအ၀င် လေးဦးကို၊ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၇ ရက်နေ့ ညဉ့်သန်းခေါင်ကျော်အချိန်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။ 

“ဦး၀င်းမြင့်ခိုင်က မြစ်ခြေဘက်မှာ ရှောင်နေရာကနေ ခဏပြန်လာတာ၊ အဲဒီနေ့က စကစ(စစ်ကောင်စီတပ်ဖွဲ့)တွေ ၀င်ဖမ်းတော့ ညဉ့်သန်းခေါင်ကျော်အချိန်ကြီးဗျ။ ဦး၀င်းမြင့်ခိုင်ရယ်၊ သူ့သားတစ်ယောက်ရယ် ၊ဧည့်သည် နှစ်ယောက်ရယ် အဖမ်းခံလိုက်ရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ညောင်ဦးမြို့နယ်၊ အမှတ်(၃) မြို့မကွက်သစ်ရပ် အတွင်းရှိ ဦး၀င်းမြင့်ခိုင်၏ နေအိမ်သို့ ၀င်ရောက်စီးနင်းပြီး ဦး၀င်းမြင့်ခိုင်နှင့်အတူ၊ သားဖြစ်သူကိုခိုင်သီဟ(အသက် ၂၄ နှစ်)၊ ဦးကျော်သူ(အသက် ၅၅ နှစ်)နှင့် ကိုအာကာမင်း(အသက် ၂၅ နှစ်)တို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ 

မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မသိရသေးဘဲ စစ်‌ကောင်စီ၏ ဝါဒဖြန့်သတင်းများတွင်မူ ဦး၀င်းမြင့်ခိုင်သည် မကွေးတိုင်းအတွင်း တိမ်းရှောင်နေရာမှ ညောင်ဦးမြို့သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များနှင့်အတူ လျှို့ဝှက်၀င်ရောက်လာစဉ် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။ 

စစ်ကောင်စီတပ်ဖွဲ့သည်  ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ညောင်ဦးမြို့နယ်မှ ဒေသခံအမျိုးသမီး ၁၂ ဦးကို ဖမ်းဆီးပြီး ယနေ့အထိ မိသားစုနှင့် တွေ့ခွင့်မပေးသေးကြောင်း သိရသည်။ 

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

#မန္တလေးတိုင်း
#ညောင်ဦးမြို့နယ်
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required