NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်သူများတိုင်တန်းနိုင်ရန် E-Police Station ဖွင့်လှစ်

By ရွှေနွယ် (မဇ္ဈိမ)
21 January 2023
NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်သူများတိုင်တန်းနိုင်ရန် E-Police Station ဖွင့်လှစ်

မဇ္ဈိမ။ ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ရှိ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ E-Police Station ကို ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီမှ ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပြည်သူအချင်းချင်းကျူးလွန်နေကြသော ရာဇဝတ်မှုများကို E-Police Station MOHAI-NUG facebook page messenger သို့ ဆက်သွယ်တိုင်ကြားနိုင်သည်ဟု အသိပေးထားသည်။

"မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့ လက်အောက်ခံတွေရဲ့ ရာဇဝတ်မှုတွေ နဲ့ အချင်းချင်းကျူးလွန်တဲ့ရာဇဝတ်မှုတွေကို မှတ်တမ်းတင် ထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်သူ တရားခံတွေကို တရားဥပဒေရဲ့ ရှေ့မှောက်ကို ပို့ဆောင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ပါတယ်” ဟု NUG ပြည်သူ့ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိ သူ ကိုဇွဲမာန်က မဇ္ဈိမကိုပြောသည်။

NUG E-Police Station အနေဖြင့် တိုင်ကြားလာသည့် အမှုများသည် NUG စိုးမိုးနယ်မြေအတွင်းဖြစ်ပါက သက်ဆိုင်ရာ မြေပြင် ပြည်သူ့ရဲတပ်ဖွဲ့များ၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ချိတ်ဆက်အမှုဖွင့် အရေးယူသွားမည်ဖြစ်ပြီး ပြည်နယ်များမှ တိုင်တန်းလာသည့် အမှုများဖြစ်ပါကသက်ဆိုင်ရာ ပြည်နယ်များရှိ ရဲလုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ဆက်သွယ်ချိတ်ဆက်၍ စီစဉ်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

တိုင်ကြားလာသောအမှုများသည် မြေပြင်တွင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသောနေရာများမှဖြစ်ပါက မှတ်တမ်းတင် ထိန်းသိမ်းထားရှိပြီး အမျိုးသားညီညွတ်ရေးအစိုး၏ အုပ်ချုပ်ရေးယန္တရားများ ဆောင်ရွက်နေသည့် အချိန်အခါဖြစ်စေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ၏ အစိုးရ တစ်ရပ် ပေါ်ပေါက်လာပြီး အုပ်ချုပ်ရေးယန္တရားများ ဆောင် ရွက်နိုင်လာသည့် အချိန်အခါတွင်ဖြစ်စေ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

"E-Police Station ကို ဖွင့်လှစ်ဆောင်ရွက်တာက အခုမှ စရတယ်ဆိုပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက စီစဉ်ထားတာပါ။ ဒီလုပ်ငန်းစဉ်ရဲ့ အလေးထားဆောင်ရွက်မယ့် အချက်ကလည်း တိုင်တန်းလာတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့ အဓိကပါ။ ဒါနဲ့ပတ်သက်ပြီး တာဝန်ယူမယ့် လူပုဂ္ဂိုလ်တွေကလည်း စိတ်ချယုံကြည်ရတဲ့ CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နည်းပညာအနေနဲ့လည်း အကောင်းဆုံး ဆောင်ရွက်ထားရှိပါတယ်။ ပြည်သူတွေရဲ့လုံခြုံရေးကို အဓိကထားတာဖြစ်သည့်အတွက် အဆင့်ဆင့် ဆောင်ရွက်ရတာဖြစ်ပါတယ်" ဟု တိုင်ကြားလာမည့် ပြည်သူများ၏ လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ NUG ပြည်သူ့ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဇွဲမာန်က မဇ္ဈိမကို ရှင်းလင်းပြောပြသည်။

E-Police Station သည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့လက်အောက်ရှိ CDM ပြည်သူရဲများဖြင့် ဖွဲ့စည်းထားသော ဌာနတစ်ခုဖြစ်သည်။

NUG ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် မြေပြင်တွင် ဖွဲ့စည်းဆောင်ရွက်နေသောမြို့နယ် ငါးမြို့နယ်ရှိပြီး CDMရဲတပ်ဖွဲ့ဝင်များ အများစုပါဝင်ကာ တရားဥပဒေစိုးမိုးရေး လိုလားသည့် ပြည်သူများဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

မြေပြင်ရဲတပ်ဖွဲ့ မဖွဲ့ရသေးသောမြို့နယ်များတွင်လည်း ပြည်သူ့အုပ်ချုပ်ရေးဌာန အောက်မှတစ်ဆင့် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးနှင့် ရဲလုပ်ငန်းများ ဆောင်ရွက်နေခြင်းရှိသည်ဟု သိရသည်။

ပြည်သူ့ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေသော မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရှိသည့် မြို့နယ်အရေအတွက်မှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ၂၅ မြို့နယ်ရှိသည်ဟု သိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့အထိ မြို့နယ်ရဲတပ်ဖွဲ့ ငါးခုမှ အမှုပေါင်း ၁၈၂မှု ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၁၄၅ မှု တရားစွဲတင်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သူများကို အရေးယူဆောင်ရွက်ထားရှိသည့်အပြင် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ၁၁မြို့နယ်မှ အမှုပေါင်း ၁၁၁မှု ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၅၅မှု တရားစွဲတင်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သူများကို အရေး ယူ ဆောင်ရွက်ထားသည်ဟု NUG ပြည်သူ့ရဲတပ်ဖွဲ့၏ ပြောပြချက်အရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့များ ထပ်မံဖွဲ့စည်းသွားရန်ရှိပြီး NUG စိုးမိုးထိန်းချုပ်နယ်မြေများတွင် ရဲတပ်ဖွဲ့များ ပေါ်ပေါက်လာစေရေး စီစဉ်ဆောင်ရွက်သွားမည်ဟု သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာတည်း - သန့်ဇော်(သန်လျင်)

#NUG
#E-PoliceStation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required