စစ်ရှောင်များ ဖြတ်ကူးရာ ကိုယ်ထူကိုယ်ထ တံတားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

By မောင်ခက်နွေ (မဇ္ဈိမ)
21 January 2023
စစ်ရှောင်များ ဖြတ်ကူးရာ ကိုယ်ထူကိုယ်ထ တံတားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ်ကို ဆက်သွယ်ထားသည့် စစ်ရှောင်ပြည်သူများ ဖြတ်ကူးရာ ကိုယ်ထူကိုယ်ထ တံတားတစ်စင်းကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KDK- Khin U Dog Killers မှ ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။

ရေဦး - ခင်ဦး တံတားသည် စစ်တပ်က တပ်စွဲထားပြီး သုံးလို့အဆင်မပြေ၍ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် တံတားဖြစ်ကြောင်း ဆက်လက်ပြောသည်။

"မနက်ဖြန်မှ ပြန်ပြင်ရမှာဗျ၊ ညနေကမှ ဝါးနဲ့သစ်သားတွေသွားသယ်ထားတာ၊ ခင်ဦးအနောက်ခြမ်းစစ်ကြောင်းထိုးရင် ရေဦးနယ်ဘက် ပြေးလို့လွယ်အောင်ဆောက်ထားတာပါဗျ"လို့ အဲ့ဒီတာဝန်ခံက ဆိုသည်။

၎င်းတံတားသည် ခင်ဦးနယ်၊ ရွာသစ်ကျေးရွာအနောက်ဘက်နှင့် ရေဦးနယ်၊ မူးသာကုန်းကျေးရွာ အနောက်ဘက်ကို ဆက်သွယ်ထားခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များသည် မူးမြစ်အနောက်ဘက်ကမ်းမှာရှိသည့် ကျွဲကျောင်းသားတွေ အနားယူသော တဲ လေးလုံးကိုလည်း မီးရှို့ခဲ့ကြောင်း ဆက်လက်ပြောသည်။

မူးမြစ်အနောက်ဘက်ကမ်းမှနေ၍ ရွာသစ်ကျေးရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ ပျက်စီးမှုများလည်းရှိသည်ဟု သိရသည်။

“ ရွာထဲကျလို့ ဘုန်းကြီးကျောင်းမှာရှိတဲ့ ကားဂိုထောင်ပေါက်သွားတာလောက်ပဲရှိတာပါဗျ။ ပြေးလို့မလွယ်တဲ့ သက်ကြီးရွယ်အိုတွေတော့ ရှိတယ်ဗျ၊ လက်နက်ငယ်နဲ့ပစ်လို့ ကျေးရွာထဲက အိမ်နည်းနည်းပါးပါးတော့ မှန်ကွဲတာတွေတော့ရှိတယ်ဗျ ” ဟု KDK- Khin U Dog Killers မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ထိုသို့ ပစ်ခေတ်မှုကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိဘဲ ကျွဲတစ်ကောင် ကျည်ထိ သွားကြောင်း ပြောသည်။

၎င်းစစ်ကြောင်းသည် ရေဦးတွင် တပ်စွဲထားသည့် ခမရ(၃၆၄)နှင့် ခလရ(၇၀၁)တို့ ဖြစ်ပြီး ခန့်မှန်းအင်အား ၄၀ ခန့်ပါဝင်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ခင်ဦးမြို့နယ်
#ရေဦးမြို့နယ်
#ကိုယ်ထူကိုယ်ထ
#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required