ကြို့ပင်ကောက်မြို့ ထွေအုပ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

By ရွှေနွယ် (မဇ္ဈိမ)
21 January 2023
ကြို့ပင်ကောက်မြို့ ထွေအုပ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

မဇ္ဈိမ။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးကို ယမန်နေ့ ဇန်နဝါရီ ၂၀ရက်နေ့ ည ၁၀ နာရီခန့်တွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၅)က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီကပြုလုပ်မည့်တရားမဝင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ ပြုစုပေး‌နေသောကြောင့် ဖောက်ခွဲတိုက်ခိုက်ရခြင်းဖြစ်သည်ဟု Bago Region PDF မှ သတင်းထုတ်ပြန်ထားသည်။

"ဖောက်ခွဲတိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ ဒီနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲ ၆ နာရီလောက်မှာ မြို့ထဲမှာ စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်နေတယ်လို့ သတင်းရထားပါတယ်၊ ခါတိုင်းဖြစ်လေ့ဖြစ်ထရှိတာကတော့ ညဘက်တွေမှာ သူတို့တွေ မြို့ထဲမှာ သေနတ်တွေပစ်ဖောက်တာမျိုးရှိပါတယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဒီနေ့ညမှာလည်း သတိထားကြဖို့လိုပါတယ်" ဟု Bago Region PDF၊ ပဲခူးတိုင်းပြန်ကြားရေးတာဝန်ခံမှ မဇ္ဈိမကိုပြောသည်။

ကြို့ပင်ကောက်မြို့၊ အနောက်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအား တော်လှန်ရေးတပ်ဖွဲ့ဝင်များက အဝေးထိန်း အကြီးစားမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး အဆောက်အဦတချို့ပျက်စီးခဲ့ရာ မြေပြင်သတင်းရင်းမြစ်များအရသိရကြောင်း Bago Region PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ညက အသံအကျယ်ကြီးကြားလိုက်ရတယ်၊ ဒီနေ့တော့ ဘာမှထပ်မကြားသေးဖူး၊ မြို့ထဲက လူတွေက ဟိုလူကလည်း သူတို့ဘက်ကထင်တယ် ဒီလူကလည်း သူတို့ဘက်မှာဖြစ်တယ် ထင်တယ်နဲ့ ပြောနေကြတာ၊ အသံကတော်တော်ကျယ်တာကိုး” ဟု ကြို့ပင်ကောက်မြို့ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှုအပြီးတွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လိုက်လံ၍ ရမ်းသန်း ပစ်ခတ်ခဲ့ပြီး မြို့အား ပိတ်ဆို့စစ်ဆေး ရှာဖွေသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာလာနိုင်ခဲ့သည်ဟု Bago Region PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတကြီး ဒူဝါလရှီးလာ ပြည်သူ့ခုခံစစ် စတင်ကြောင်းကြေညာလိုက်ချိန်မှစကာ ပဲခူးတိုင်းအတွင်းအခြားသော တိုင်းနှင့်ပြည်နယ်များနည်းတူ စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်တင်ကာ ခပ်စိတ်စိတ်လုပ်လာခြင်းဖြစ်သည်ဟု ပဲခူးတိုင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လှုပ်ရှားနေသော တော်လှန်ရေးစည်းချက်အတိုင်း ပဲခူးတိုင်း Bago Region PDF ၏ တပ်ဖွဲ့ဝင်များသည်လည်း တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေကြသည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တော်လှန်ရေးတာဝန်များ
#PDF
#ကြို့ပင်ကောက်မြို့နယ်
#အထွေထွေအုပ်ချုပ်ရေးမှုးရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly