ပါကစ္စတန်တွင် ကလေး ၄ သန်းခန့် ညစ်ညမ်းသော ရေလွှမ်းမိုးမှုအနီး နေထိုင်ရ 

By ANI
20 January 2023
ပါကစ္စတန်တွင် ကလေး ၄ သန်းခန့် ညစ်ညမ်းသော ရေလွှမ်းမိုးမှုအနီး နေထိုင်ရ 

ပါကစ္စတန်တွင် နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေကြေညာပြီး ၄ လကျော်အကြာတွင် ကလေး ၄ သန်းခန့်သည် ရေကြီးရေလျှံမှုများအနီး ညစ်ညမ်းသော နေရာများတွင် နေထိုင်နေရဆဲဖြစ်၍ ၎င်းတို့၏ အသက်ရှင် သန်ရပ်တည်မှုအတွက် အန္တရာယ်ရှိကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားသည်။
ဂျကိုဘာဘတ်မြို့၌ မိသားစုများစွာသည် အပူချိန် ၇ ဒီဂရီစင်တီဂရိတ်သို့ ကျဆင်းသွားသည့် ညများတွင် ရေကြီးရေလျှံဒေသရှိ ၎င်းတို့၏ ယာယီတဲများကို အဝတ်ပိုင်းဖြင့်သာ ကာရံနေထိုင်ရသည်။
UNICEF နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ‌တောင်တန်းဒေသတွင် နေထိုင်သော အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ် ၂၀၀ ၀၀၀ တို့အတွက် အနွေးထည်များနှင့် ကလေးအသုံးအဆောင်ပစ္စည်းများ စတင်ပေးအပ်နေပြီ ဖြစ်ကြောင်း Dawn သတင်းက ဖော်ပြခဲ့သည်။
ကလေးငယ်များတွင် ဆိုးဝါးသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို တွေ့မြင်ရပြီး ကမ္ဘာတစ်ဝန်းတွင် ကလေးသေဆုံးမှုအများဆုံးကို  ရေကြီးမှုဒဏ်ခံရသော ဒေသများတွင်  တွေ့ရှိရကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

UNICEF မှ စောင့်ကြည့်နေသော ရေဘေးသင့်ဒေသများတွင် ပြင်းထန်သော အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရသည့် ကလေးသူငယ် အရေအတွက်သည် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ၂ ဆနီးပါး တိုးလာပြီး ခန့်မှန်းခြေ ကလေး ၁ ဒသမ ၅ သန်းသည် မရှိမဖြစ် အာဟာရဖြည့်စွက်မှု လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။
ရေလွှမ်းမိုးမှုဒဏ်ခံရသော အမျိုးသမီးများနှင့် ကလေးများအတွက် အသက်ကယ်ထောက်ပံ့ရန် UNICEF ၏ လက်ရှိ ခွင့်ပြုငွေမှာ အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၅ သန်း ဖြစ်ပြီး ရန်ပုံငွေစုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ဆိုသည်။
“အအေးမိရောဂါနှင့်အတူ ပြင်းထန်သော အာဟာရချို့တဲ့မှု၊ အသက်ရှူလမ်းကြောင်းနှင့် ရေကြောင့်ဖြစ်သော ကူးစက်ရောဂါတို့က သန်းနှင့်ချီသော ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည်” ဟု ဆိုသည်။
UNICEF ၏ ကျန်းမာရေး ကူညီမှုများသည် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများအနေဖြင့် လူပေါင်း ၁ ဒသမ ၅ သန်းနီးပါးဆီသို့ ရောက်ရှိခဲ့သည်။ ထို့ပြင် ရေကြီးမှုဒဏ်ခံရသော ခရိုင် ၁၆ ခုရှိ ကလေး ၄ ဒသမ ၅ သန်းကို ပိုလီယိုရောဂါ ကာကွယ်ဆေးထိုးထားပေးပြီးဖြစ်သည်။
ကုလသမဂ္ဂအေဂျင်စီနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့များသည် လူပေါင်း ၁ သန်းကျော်အတွက် သောက်သုံးရေသန့်ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီး လူ ၁ သန်းခန့်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများကို ထောက်ပံ့ခဲ့သည်။ UNICEF သည် လာမည့်လများအတွင်း အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဆက်လက် ထောက်ပံ့သွားမည်ဖြစ်သည်။
ပါကစ္စတန်သည်  ဇန်န၀ါရီလ ၉ ရက်နေ့က ကျင်းပသော ရာသီဥတုဒဏ်ခံနိုင်သော ပါကစ္စတန်ဆိုင်ရာ နိုင်ငံတကာညီလာခံတွင် ရေကြီးရေလျှံမှုပြသနာများမှ ပြန်လည်ထူထောင်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ကို လက်ခံရရှိခဲ့ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။
ရာသီဥတုဒဏ်ခံနိုင်သော ပါကစ္စတန်ဆိုင်ရာ နိုင်ငံတကာညီလာခံကို ကုလသမဂ္ဂနှင့် ပါကစ္စတန်အစိုးရတို့က ဂျီနီဗာတွင် ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်က ပြီးခဲ့သည့်နှစ် ရေကြီးမှုပြီးနောက် ပြန်လည် တည်ဆောက်ရေးတွင် အကူအညီပေးကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly