ပါကစ္စတန်တွင် ၂၀၂၂ ခုနှစ်အတွင်း  ရဲ ၇၇ ဦး အသတ်ခံရ 

By The News
20 January 2023
ပါကစ္စတန်တွင် ၂၀၂၂ ခုနှစ်အတွင်း  ရဲ ၇၇ ဦး အသတ်ခံရ 

ပါကစ္စတန် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်တစ်ဝန်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း၌  ပါ့ရ်ရှာဝါမြို့နှင့် ဘန်နုမြို့တို့တွင် ပစ်မှတ်ထား သတ်ဖြတ်မှုဖြစ်စဉ် ၂၀ စီ ရှိခဲ့ပြီး ထိုတိုက်ခိုက်မှုများတွင် ရဲတပ်ဖွဲ့၊ အခြားတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအပေါ် ကျူးလွန်သော အကြမ်းဖက် တိုက်ခိုက်မှုများ မပါဝင်သေးပေ။
“ပြီးခဲ့တဲ့ တစ်နှစ်အတွင်း စုစုပေါင်း ပစ်မှတ်ထားသတ်ဖြတ်မှု ၇၇ မှု ကို အကြမ်းဖက်မှု နှိမ်နင်းရေးဌာနက စစ်ဆေးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေထဲမှာ ရဲတပ်ဖွဲ့ဝင်အများစုဟာ  ရိုင်ဖယ်တွေ ပစ္စတိုတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရတာတွေ ပါဝင်ပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက The News သို့ပြောသည်။
အကြမ်းဖက်မှုပုံစံအားလုံးသည် ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် သိသိသာသာ ကျဆင်းသွားသော်လည်း တစ်နှစ်ကျော် အကြာက ပြန်လည် အရှိန်မြှင့်လာခဲ့သည်။ ပါ့ရ်ရှာဝါမြို့နှင့် ဘန်နုမြို့တို့တွင် ပြီးခဲ့သည့်တစ်နှစ်အတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် လူအချို့ ပစ်မှတ်ထား တိုက်ခိုက်ရမှု  အကြိမ် ၂၀ စီ ဖြစ်ပွားခဲ့ပြီး အများဆုံးအရေအတွက်ဖြစ်သည်။ ဒဲရာအစ္စမေးလ်ခန်းမြို့တွင် အကြမ်းဖက်မှု ၁၅ ခု၊ မာဒန်တွင် ၁၁ မှု၊ မာလာခန်းဒ်တွင် ၈ ခုနှင့် ကိုဟတ်ဒေသများတွင် ၃ ခုအထိ ရှိသည်” ဟုသတင်းရင်းမြစ်က The News သို့ ပြောကြားခဲ့သည်။
ခိုင်ဘာပက်ခ်တွန်ခဝါတောင်ပိုင်းရှိ ဘန်နုနှင့် ဒဲရာအစ္စမေးလ်ခန်းမြို့များတွင် မကြာသေးမီက အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အဓိကအားဖြင့် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ် ထားတိုက်ခိုက်ခဲ့သည်။
တရားဥပဒေစိုးမိုးရေးသည် ပြီးခဲ့သောလများအတွင်း ပိုမိုပျက်ယွင်းလာသောကြောင့်  ဝါဇီရစ်စတန် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၊ ဘန်နု၊ လာကီ မာဝတ်၊ ဒဲရာ အစ္စမေးလ်ခန်းဒေသများတွင် ရဲစခန်းများ၊ စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းများကို ဗုံးဖောက်ခွဲခြင်းနှင့် ပစ်ခတ်မှုအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှု အရေအတွက် အများဆုံး ဖြစ်ပွားခဲ့သည်။
ပါ့ရ်ရှာဝါနှင့် ခိုင်ဘာဒေသများ၊  မာလာခန်း၊ မာဒန်နှင့် ကိုဟတ်မြို့များရှိ ရပ်ကွက်အချို့တွင်လည်း တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် လများအတွင်း ရဲစခန်းများ၊ ကင်းစခန်းများနှင့် ရဲသို့မဟုတ် ဥပဒေစိုးမိုးရေးအဖွဲ့များ၏ ယာဉ်များကိုလည်း အများဆုံး တိုက်ခိုက်ခဲ့သည်။ 
ရဲတပ်ဖွဲ့သည် သောင်းကျန်းသူများကို နှိမ်နင်းသည့် ဥပဒေစိုးမိုးရေးအဖွဲ့များအတွက် အကူအညီရရန် အကြမ်းဖက်မှုဒဏ်ခံရသော တောင်ပိုင်းခရိုင်နှင့် မြို့များမှ ပြည်သူများနှင့် ချိတ်ဆက်မှုများ စတင်ပြုလုပ်လာခဲ့သည်။ 
“ ဘန်နုနဲ့ လာကီမာဝတ်မြို့က ရဲအရာရှိတွေက တစ်နေ့က ရပ်မိရပ်ဖတွေနဲ့ တွေ့ခဲ့ပါတယ်။ ရဲတွေကို တိုက်ခိုက်မှုတွေ မြင့်တက်လာပြီးတဲ့နောက် လာကီမာဝတ်မြို့နဲ့ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်က ပြည်သူတွေဟာ အကြမ်းဖက်တွေကို တန်ပြန်ဖို့ ရဲတွေနဲ့အတူ လက်တွဲသွားမှာပါ” အကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly