၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ လုပ်ငန်းများ အိန္ဒိယနှင့် ဗီယက်နမ်သို့ ပြောင်းရွှေ့လာဖွယ်ရှိကြောင်း စစ်တမ်းတစ်ရပ်၌ ဖော်ပြ

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ လုပ်ငန်းများ အိန္ဒိယနှင့် ဗီယက်နမ်သို့ ပြောင်းရွှေ့လာဖွယ်ရှိကြောင်း စစ်တမ်းတစ်ရပ်၌ ဖော်ပြ

ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများသည် ယခုနှစ်တွင် တရုတ်နိုင်ငံမှ ၎င်းတို့၏ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းများကို ဖြန့်ကြက်ရန် အိန္ဒိယနှင့် ဗီယက်နမ်အား ဆွဲဆောင်မှုရှိသော ရွေးချယ်စရာနေရာများအဖြစ် စဉ်းစားလာကြသည်ဟု Container xChange နည်းပညာဝန်ဆောင်မှုကုမ္ပဏီက ယခုသီတင်းပတ်တွင် ထုတ်ပြန်သည့် ကမ္ဘာ့စစ်တမ်းသစ်တစ်ရပ်တွင် ဖော်ပြထားသည်။
ဂျာမနီ ကွန်တိန်နာပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီသည် နိုင်ငံပေါင်း ၂၀ ကျော်မှ နယ်ပယ်ကျွမ်းကျင်ပညာရှင် ၂၆၀၀ ကျော်ကို ၂၀၂၃ ခုနှစ်အတွက် သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစဉ်များ၏ အလားအလာနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့ပြီး ဖြေဆိုသူ ၆၇ ရာခိုင်နှုန်းက အိန္ဒိယနှင့် ဗီယက်နမ်တို့သည် ယခုနှစ်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေးအချက်အချာနေရာများ ဖြစ်လာမည်ဟု ယူဆခဲ့ကြသည်။
တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရမှုကို လျှော့ချရန်နှင့် ထုတ်လုပ်ရောင်းချမှုကို ဖြန့်ကြက်ရန် ကြိုးပမ်းနေသည့် ကုမ္ပဏီများအကြား  အိန္ဒိယနှင့် ဗီယက်နမ်တို့က ရေပန်းစားလာချိန်တွင် ယခုစစ်တမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ ယမန်နှစ် ဧပြီလမှ ဒီဇင်ဘာလအထိ Apple iPhone တင်ပို့မှုမှာ ယခင်ဘဏ္ဍာရေးနှစ် တစ်ခုလုံးထက် ၂ ဆနီးပါး တိုးလာပြီး အိန္ဒိယထိပ်တန်း လုပ်ငန်းစုကြီး Tata Group သည် နိုင်ငံအတွက် ပထမဆုံး ပြည်တွင်း iPhone စက်ရုံ ဖြစ်လာမည့် စက်ရုံကို ထိုင်ဝမ်ထုတ်လုပ်သူထံမှ ဝယ်ယူရန် ပြင်ဆင်နေကြောင်း Bloomberg News က ယခုသီတင်းပတ်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ဗီယက်နမ်အစိုးရမှထုတ်ပြန်သော အကောက်ခွန်အချက်အလက်များအရ စမတ်ဖုန်းနှင့်အခြားလျှပ်စစ်ပစ္စည်းများ အမြောက်အများတင်ပို့မှုကြောင့် အမေရိကန်နှင့် ဗီယက်နမ်၏ ကုန်သွယ်မှုပိုငွေသည် ၂၀၂၂ ခုနှစ်တွင် စံချိန်တင်မြင့်မားခဲ့သည်။
အမေရိကန်စီးပွားရေးလုပ်ငန်းများသည် မိတ်ဖက်နိုင်ငံများထံသို့ ပြောင်းရွှေ့ခြင်း အရွေ့အဖြစ် ပြည်ပမှ ထုတ်လုပ်ရေးလုပ်ငန်းများကို ပထဝီနိုင်ငံရေးမဟာမိတ်များထံ ပြောင်းရွှေ့နိုင်ဖွယ်ရှိကြောင်း Container xChange စစ်တမ်းက တွေ့ရှိခဲ့သည်။ ရည်ရွယ်ချက်မှာ အဓိကကုန်ကြမ်း၊ အစားအစာနှင့် ထုတ်ကုန်များတွင် မိမိတို့၏ ဈေးကွက်အားသာချက်များအပေါ် အခွင့်ကောင်းမယူနိုင်ရေး တရုတ်နှင့် ရုရှားနိုင်ငံတို့အား တားဆီးရန်ဖြစ်သည် ဟု စစ်တမ်းတွင် ဖော်ပြထားသည်။
ဥပမာ အမေရိကန်ကွန်ပျူတာ ကုမ္ပဏီကြီး Dell Technologies သည် လာမည့်နှစ်တွင် တရုတ်နိုင်ငံထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်း အသုံးပြုမှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီး ထုတ်လုပ်မှု ထက်ဝက်ခန့်ကို ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံမှ ရွှေ့ပြောင်းသွားဖွယ်ရှိကြောင်း Nikkei Asia နှင့် ထိုင်ဝမ် မီဒီယာများက ပြီးခဲ့သည့် သီတင်းပတ်က ဖော်ပြခဲ့သည်။
ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစဉ် ပြုပြင်ပြောင်းလဲရေးအပြင် ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးကျဆင်းမှုများသည် ယခုနှစ်အတွင်း လုပ်ငန်းများအတွက် အကြီးမားဆုံး အတားအဆီးဖြစ်စေသည့် အကြောင်းရင်းများဖြစ်ပြီး စစ်ပွဲ၊ တရုတ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် အလုပ်သမားများ၏ ဆန္ဒပြပွဲများလည်း ပါဝင်ကြောင်း  စစ်တမ်းဖြေဆိုသူ ၈၈ ရာခိုင်နှုန်းက ပြောသည်။
ဥရောပသည် စံချိန်တင် မြင့်မားသော ငွေကြေးဖောင်းပွမှုနှင့် ကြုံတွေ့နေရသလို တရုတ်က ဗိုင်းရပ်စ်ကို ကိုတွယ်ဖြေရှင်းရန်ရုန်းကန်နေရပြီး အမေရိကန်မှာ ကုန်းတွင်းပိုင်းသယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုများနှင့် အလုပ်သမားအရေးမငြိမ်သက်မှုများကို ဆက်လက်ကြုံတွေ့နေရသည် ဟု Container xChange ကို ပူးတွဲတည်ထောင်သူနှင့်အမှုဆောင်အရာရှိချုပ် ခရစ္စတီယန် ရိုလော့ဖ် ကပြောကြားခဲ့သည်။ 
"ဒီစိန်ခေါ်မှုအများစုဟာ ၂၀၂၃ မှာ ဆက်ရှိနေလိမ့်မယ်" ဟု ၎င်းက ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly