တရုတ်နိုင်ငံအရှေ့ပိုင်း ကျေးလက်ဒေသတွင် ကိုဗစ်ရောဂါ မစစ်ဆေးခြင်းက ထုံးစံတစ်ခုဖြစ်လာ

တရုတ်နိုင်ငံအရှေ့ပိုင်း ကျေးလက်ဒေသတွင် ကိုဗစ်ရောဂါ မစစ်ဆေးခြင်းက ထုံးစံတစ်ခုဖြစ်လာ

လူဦးရေအများဆုံးနေထိုင်သော တရုတ်နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် မစစ်ဆေးသူ များပြားနေမှုအပေါ် ကျန်းမာရေးပညာရှင်များနှင့် အမေရိကန်နှင့်ဂျပန်ကဲ့သို့သော နိုင်ငံများက စိုးရိမ်နေကြသည်။
တရုတ်တွင်  ဇန်နဝါရီလ ၈ ရက်က ရောဂါလက္ခဏာပြသည့် အတည်ပြုလူနာအသစ် ၁၄ ၁၇၁ ဦးနှင့် သေဆုံးလူနာ ၃ ဦးရှိကြောင်း ထုတ်ပြန်ခဲ့ပြီး  အမှန်တကယ် ရောဂါဖြစ်ပွားသည့်  အတိုင်းအတာထက် သိသိသာသာ လျှော့ပေါ့ထုတ်ပြန်ထားသည်ဟု နိုင်ငံတကာကျွမ်းကျင်သူများက ပြောကြားထားသည်။
ဗြိတိန်အခြေစိုက် ကျန်းမာရေးအချက်အလက်ကုမ္ပဏီ Airfinity က တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်၌ တစ်ရက်လျှင် ရောဂါကူးစက်ခံရသူ ၃ ဒသမ ၇ သန်းအထိ ပထမဆုံးအကြိမ် အမြင့်ဆုံးသို့ ရောက်ရှိလာနိုင်ကြောင်း ယမန်နှစ်နှောင်းပိုင်းက ပြောကြားခဲ့သည်။
ကျဲ့ကျန်းပြည်နယ် တွန်လူကောင်တီတစ်ဝိုက်မှ ဒေသခံအများအပြားက ကိုဗစ်ရောဂါလက္ခဏာများ ခံစားခဲ့ရကြောင်းနှင့် ယခင်က ကူးစက်ခံခဲ့ရသည်ဟု ယုံကြည်ကြောင်း Reuters သို့ ပြောကြားခဲ့သည်။ သို့သော် အထူးသဖြင့် ကျေးရွာများတွင် နေထိုင်သူများသည် ရောဂါစစ်ဆေးမှု ပြုလုပ်လေ့မရှိကြပေ။ 
"လူတိုင်းက ရောဂါပိုးရှိကြောင်း ပြောနေကြလို့လို့ ကိုယ့်မှာလည်း ရောဂါပိုးရှိနေတယ်လို့ ထင်နေတာ။ ဒါပေမယ့် ရွာကလူတော်တော်များများက အထူးသဖြင့် သေချာ စီစဉ်ထားတဲ့နေရာကို သွားပြီး ရောဂါပိုးစစ်ရမယ်ဆိုရင် သွားမစစ်ကြတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
“ကျွန်မရဲ့ ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်း အတော်များများက အအေးမိလို့၊ နေမကောင်းလို့၊ အားအင်ကုန်ခမ်းနေတယ်လို့ ပြောကြတယ်။ အဲဒီလိုဖြစ်လာရင် အိမ်ထဲမှာ နေလိုက်ကြတာပါပဲ” ဟု ၎င်းက ပြောသည်။
Reuters သတင်းအဖွဲ့က သွားရောက်ခဲ့သည့် ကျန်းမာရေးဌာနများတွင် လူနာများအနေဖြင့် ရောဂါပိုး မဖြစ်မနေစစ်ဆေးရန် မလိုအပ်ပေ။ ကိုဗစ်-၁၉ အဓိကလက္ခဏာ ၁၀ ခု ပြသမှသာ လူနာများကို  ဓာတ်ခွဲစစ်ဆေးမှုခံယူရန်  အကြံပေးကြောင်း ဆရာဝန်တစ်ဦးက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly