အမေရိကန်ပြည်နယ်အချို့ရှိ အစိုးရသုံးစက်ပစ္စည်းများတွင် TikTok အသုံးပြုခြင်းကို ပိတ်ပင်

By Reuters
20 January 2023
အမေရိကန်ပြည်နယ်အချို့ရှိ အစိုးရသုံးစက်ပစ္စည်းများတွင် TikTok အသုံးပြုခြင်းကို ပိတ်ပင်

 

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်နှင့် အိုဟိုင်းယိုးပြည်နယ်များသည် အစိုးရပိုင်နှင့် စီမံခန့်ခွဲရေးဆိုင်ရာ စက်ပစ္စည်းများတွင် လူကြိုက်များသည့် ဗီဒီယိုအက်ပ်ပလီကေးရှင်း TikTok ကို အသုံးပြုခြင်းအား အခြားပြည်နယ်များနည်းတူ ပိတ်ပင်တော့မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၆ ရက်က ပြောသည်။

ဒီမိုကရက်တစ်ဦးဖြစ်သူ နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူး ဖီးလ်မာဖီက တရုတ်နည်းပညာလုပ်ငန်းစု ByteDance က ပိုင်ဆိုင်သည့် ဗီဒီယိုအတိုအက်ပ်ပလီကေးရှင်း TikTok ကို နိုင်ငံပိုင်ပစ္စည်းများတွင် အသုံးပြုခြင်းအား ပိတ်ပင်ထားသည့်အပြင် Huawei၊ Hikvision, Tencent Holdings, ZTE Corporation နှင့် Kaspersky Lab တို့အပါအဝင် ဒါဇင်နှင့်ချီသည့် ဆော့ဖ်ဝဲရောင်းချသူများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပိတ်ပင်ထားကြောင်း ပြောကြားခဲ့သည်။ 

" ByteDance ဆီမှ တရုတ်အစိုးရက တောင်းဆိုနိုင်သည့် အသုံးပြုသူအချက်အလက်များနှင့်ပတ်သက်၍ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများရှိနေသည်” ဟု မာဖီ၏ အစိုးရအဖွဲ့ရုံးက ပြောကြားခဲ့သည်။

ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သူ အိုဟိုင်းယိုးပြည်နယ်အုပ်ချုပ်ရေးမှူး မိုက်ခ်ဒီဝိုင်း၏ အမိန့်ကြေညာချက်တွင် "ထိုသို့ တိတ်တဆိတ်လုပ်ဆောင်နေသော ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များသည် အဆိုပါ အပလီကေးရှင်းများနှင့်ပလပ်ဖောင်းများကို အသုံးပြုသူများနှင့် ၎င်းတို့ကို ထည့်သွင်းထားသည့် စက်ပစ္စည်းများကို အသုံးပြုသူများအတွက် နိုင်ငံတော်နှင့်ဒေသဆိုင်ရာလုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေသည်" ဟု ဖော်ပြထားသည်။

ဝစ္စကွန်ဆင်ပြည်နယ်အုပ်ချုပ်ရေးမှူး တိုနီအဲဗားစ်က ၎င်းအနေဖြင့် အမေရိကန်တွင် အသုံးပြုသူသန်း ၁၀၀ ကျော်ရှိသော ရေပန်းစားသည့် ဗီဒီယိုအက်ပ်ပလီကေးရှင်း TikTok အား အသုံးပြုခြင်းကို အခြားပြည်နယ်များကဲ့သို့ တားမြစ်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

ရီပတ်ဘလစ်ကန်အုပ်ချုပ်ရေးမှူးများသည် TikTok ကို အစိုးရသုံးစက်ပစ္စည်းများတွင် အသုံးပြုခြင်းအား တားမြစ်ရန် ဦးဆောင်ခဲ့ကြသော်လည်း အချို့သော ဒီမိုကရက်တစ်အုပ်ချုပ်ရေးမှူးများက  ထိုသို့လုပ်ဆောင်ရန် တုံ့နှေးနေခဲ့သည်။

အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (FBI) ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးက TikTok သည် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု နိုဝင်ဘာလတွင် ပြောကြားခဲ့ပြီးနောက် အစိုးရသုံးစက်ပစ္စည်းများတွင် TikTok အသုံးပြုခြင်းကို တားမြစ်ရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။  တရုတ်အစိုးရက အသုံးပြုသူများကို လွှမ်းမိုးရန် သို့မဟုတ် စက်ပစ္စည်းများကို ထိန်းချုပ်ရန် TikTok အက်ပ်ကို အသုံးချနိုင်သည်ဟု  ၎င်းက ပြောကြားခဲ့သည်။

TikTok သည် အမေရိကန်နှင့် အလားအလာရှိသော လုံခြုံရေးသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရာတွင် ကူညီမည့် အတိုင်ပင်ခံများ ငှားရမ်းခေါ်ယူမည့်အစီအစဉ်ကို ရပ်ဆိုင်းထားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

TikTok က အမေရိကန် နိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဝင်ရောက်ကြည့်ရှု၍ မရကြောင်းနှင့် အကြောင်းအရာများကိုလည်း တရုတ်ကွန်မြူနစ်ပါတီ သို့မဟုတ် တရုတ်ဩဇာခံ အခြားအဖွဲ့အစည်းတစ်ခုခုမှ ကြိုးကိုင်ခြယ်လှယ်ခြင်းမပြုနိုင်ကြောင်း အမေရိကန်အား အာမခံရန် ကြိုးပမ်းနေသည်မှာ ၃ နှစ်ရှိပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags