အာဖဂန်နစ္စတန်တွင် အအေးဒဏ်ကြောင့် လူ ၂၀ သေဆုံး

By ANI  
20 January 2023
အာဖဂန်နစ္စတန်တွင် အအေးဒဏ်ကြောင့် လူ ၂၀ သေဆုံး

အာဖဂန်နစ္စတန်တွင် ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာနှင့် လောင်စာဆီ ပြတ်လပ်မှုများ အကြီးအကျယ် ကြုံတွေ့နေရပြီး ရုတ်တရက်အအေးလွန်ကဲမှုကြောင့် ပြည်သူများကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ကာ လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း TOLO သတင်းက ဇန်နဝါရီလ ၁၆ ရက်တွင် ဖော်ပြထားသည်။
အအေးဒဏ်ကြောင့် ဘက်ဂျစ်ပြည်နယ်နှင့် အခြားပြည်နယ်များတွင်လည်း ကျွဲနွား ကောင်ရေ ၄ ၀၀၀  ထက်မနည်း သေဆုံးခဲ့သည်။
ဟေရတ်မြို့ခံတစ်ဦးဖြစ်သူ ဟူစိန်က အီရန်နိုင်ငံသို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်ရန် သွားရာလမ်းတွင်  အအေးလွန်ကဲမှုဒဏ်ခံစားခဲ့ရပြီးနောက် ဆေးရုံတက်ခဲ့ရကြောင်း ပြောသည်။
ဟေရတ်ဒေသဆိုင်ရာ ဆေးရုံမှစာရင်းဇယားများတွင် လူ ၇၀ ခန့်မှာ ကိုယ်အပူချိန်အလွန်အမင်းကျဆင်းမှုကြောင့် ဆေးရုံတင်ထားရပြီး မူးယစ်ဆေးစွဲနေသူ ၄ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ကိုယ်အပူချိန်ကျဆင်းမှု ကြောင့် ဘက်ဂျစ်ပြည်နယ်တွင် လူ ၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး အားလုံးသည် သိုးထိန်းများ ဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကိုယ်အပူချိန်အလွန်အမင်းကျဆင်းမှုကြောင့် သိုးထိန်း ၁ ဦးနှင့် ကလေး၄ ဦး သေဆုံးခဲ့ကြောင်း ဘက်ဂျစ်ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ 
အအေးလွန်ကဲမှုကြောင့် ခို့စ်ပြည်နယ်တွင် လူ ၅ ဦး၊ ဖာရီယက်ဘ်တွင် ၂ ဦးနှင့် ဂျော်ဇန်တွင် နောက်ထပ် ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောသည်။ ထို့ပြင် ဆာ-အီ-ပူးရ်မြို့တွင် ၁ ဦးသေဆုံးပြီး ဘဂ္ဂလန်ပြည်နယ်တွင် မူးယစ်ဆေးစွဲနေသူ ၅ ဦး သေဆုံးခဲ့ကြောင်း TOLO News တွင် ဖော်ပြခဲ့သည်။
တာလီဘန်တို့ ယမန်နှစ်က ကဘူးလ်မြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာ သန်း ၄၀ တန် အကူအညီ ၁၈ ခု နှင့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၂ သန်းကျော်တန် အကူအညီ ၃၀ ကျော်ကိုရရှိခဲ့ကြောင်း  အာဖဂန်ဗဟိုဘဏ် (DAB) ၏ မှတ်တမ်းများကို ကိုးကား၍ Khaama Press က ဖော်ပြခဲ့သည်။
ယင်းသို့ထောက်ပံ့ကူညီမှုများရရှိသော်လည်း အာဖဂန်နစ္စတန်၏ ဆင်းရဲမွဲတေမှု၊ အာဟာရချို့တဲ့မှုနှင့် အလုပ် လက်မဲ့ အခြေအနေသည် အဆိုးရွားဆုံးအနေအထားတွင် ရှိနေဆဲဖြစ်သည်။
နိုင်ငံ၏သမိုင်းတွင် အကြီးကျယ်ဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင် နေရသည့် အာဖဂန်ပြည်သူများသည် သဘာဝကပ်ဘေးများကြောင့် အခြေအနေကို ပိုဆိုးလာစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly