အယ်လ်ကိုင်ဒါ ခေါင်းဆောင်နေရာဆက်ခံသူကို မသိသေးကြောင်း အမေရိကန်ပြောကြား

By Business Standard
20 January 2023
အယ်လ်ကိုင်ဒါ ခေါင်းဆောင်နေရာဆက်ခံသူကို မသိသေးကြောင်း အမေရိကန်ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဇူလိုင်လ ၃၁ ရက်က သေဆုံးခဲ့သည့် အယ်လ်ကိုင်ဒါ ခေါင်းဆောင် အေမန်အယ်လ် ဇာဝါဟီရီနေရာအား ဆက်ခံမည့်သူကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောသည်။
ခေါင်းဆောင် ဇာဝါဟီရီသေဆုံးပြီးနောက် အယ်လ်ကိုင်ဒါခေါင်းဆောင်နေရာ ဆက်ခံမှုနှင့်ပတ်သက်သော မေးမြန်းချက်အတွက်  အဖြေမရှိသေးကြောင်း  အမေရိကန်အကြံပေးအဖွဲ့ Washington Institute မှ စီစဉ်သည့် ပွဲတစ်ခုတွင် အမေရိကန် နိုင်ငံတော်အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုဌာနညွှန်ကြားရေးမှုး ခရစ္စတင်း အဘီဇိဒ်က ပြောကြားခဲ့သည်။ 
9/11 တိုက်ခိုက်မှုအား အဓိကကြံစည်သူ ဇာဝါဟီရီသည် ပါကစ္စတန်ထောက်လှမ်းရေး အေဂျင်စီဖြစ်သည့် Inter-Services Intelligence (ISI) ၏ ကာကွယ်ပေးမှုဖြင့် တာလီဘန်တို့ အာဖဂန်နစ္စတန်ကို သိမ်းယူချိန်အထိ ပါကစ္စတန်တွင် နေထိုင်ခဲ့ဖွယ်ရှိကြောင်း တောင်အာရှရေးရာလေ့လာရေး ဥရောပဖောင်ဒေရှင်း (EFSAS) က ဖော်ပြခဲ့သည်။
အယ်လ်ကိုင်ဒါ၏ ထိပ်တန်းအဖွဲ့ဝင်တစ်ဦးဖြစ်သည့် လျှို့ဝှက်ပြီး သိုသိုသိပ်သိပ်နေတတ်သည့် အီဂျစ်အထူးတပ်ဖွဲ့ အရာရှိဟောင်း ဆေ့ဖ်အယ်လ် အဒယ်လ်မှာ ဇာဝါဟီရီနေရာတွင် အစားထိုးရန် အဖြစ်နိုင်ဆုံးသူတစ်ဦးဖြစ်ကြောင်း  ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ အဒယ်လ်အား ဖမ်းဆီးရမိရေး သတင်းပေးမှုအတွက် အမေရိကန်က ဆုငွေဒေါ်လာ ၁၀ သန်း ထုတ်ထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံသည် ယခုအခါ မှန်းဆ၍မရသော အခြေအနေနှင့် ရင်ဆိုင်နေရကာ နိုင်ငံသားများသည် အယ်လ် ကိုင်ဒါနှင့် IS စစ်သွေးကြွကဲ့သို့သော ပြည်ပအခြေစိုက် အစွန်းရောက်အဖွဲ့များနှင့်ပတ်သက်ပြီး သတိဝီရိယရှိရမည်ဖြစ်ကြောင်း  အဘီဇိဒ်က အမေရိကန်ရှိ  ခြိမ်းခြောက်မှုအခြေအနေကို ထည့်သွင်းပြောကြားခဲ့သည်။
“အစွန်းရောက်မှုတွေက အွန်လိုင်းပေါ်မှာအများဆုံး တွေ့ရတတ်တယ်” ဟု  သူမက ဆိုသည်။
သေဆုံးသွားသည့် ခေါင်းဆောင် အယ်လ်ဇာဝါဟီရီ၏ ရက်စွဲတပ်မထားသည့် ၃၅ မိနစ်စာ ဗီဒီယိုကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် အယ်လ်ကိုင်ဒါအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုဗီဒီယိုတွင် အယ်လ်ဇာ ဝါဟီရီကိုယ်တိုင် ပြောကြားထားခြင်းဖြစ်ကြောင်း  အယ်လ်ကိုင်ဒါအဖွဲ့က အတည်ပြုထားသည်။
ထို့ပြင် ဇာဝါဟီရီအား ပစ်မှတ်ထားရှာဖွေမှုတွင် ပါကစ္စတန်ပါဝင်ပတ်သက်နိုင်ခြေသည် အမေရိကန်နှင့် ပါကစ္စတန်တို့ ထုတ်ဖော်ထားခြင်းမရှိသော အငြင်းပွားဖွယ်ပြဿနာတစ်ခုဖြစ်သည်။
ဇာဝါဟီရီသည် ပါကစ္စတန်နယ်စပ်တွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သည်ဟု ယူဆရပြီး အာဖဂန်နစ္စတန်သို့ ပြန်လာရသည့်အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း New York Times သတင်းကို ကိုးကား၍ EFSAS က ဖော်ပြခဲ့သည်။ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ဆုတ်ခွာပြီးနောက် ဇာဝါဟီရီ၏ မိသားစုသည် ကဘူးလ်ရှိ ခိုလှုံရာနေအိမ်သို့ ပြန်လာခဲ့သည်ဟု ယုံကြည်ရသည်။
ဇာဝါဟီရီသည် ကရာချိမြို့တွင် ခိုလှုံနေခဲ့ပြီး အာဖဂန်နစ္စတန်အား တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် တစ်ချိန်ချိန်တွင် ဟက္ကာနီ အဖွဲ့၏ အချိတ်အဆက်ဖြင့် ချာမန်နယ်စပ်မှတစ်ဆင့် ကဘူးလ်မြို့သို့ ပြောင်းရွှေ့လာခဲ့သည်ဟု ထိပ်တန်းထောက်လှမ်းရေးသတင်းရင်းမြစ်များကို ကိုးကားဖော်ပြသည့် သတင်းများတွင် ဖော်ပြကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly