ဗြိတိန်အစိုးရကားတွင် တရုတ်ခြေရာခံကိရိယာကို တွေ့ရှိသဖြင့် အထိတ်တလန့်ဖြစ်

By ANI 
20 January 2023
ဗြိတိန်အစိုးရကားတွင် တရုတ်ခြေရာခံကိရိယာကို တွေ့ရှိသဖြင့် အထိတ်တလန့်ဖြစ်

တရုတ်သူလျှိုဆော့ဖ်ဝဲလ်နှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် ဗြိတိန်ထောက်လှမ်းရေးအရာရှိများသည် အစိုးရနှင့် သံရုံးကားများကို စစ်ဆေးခဲ့ရပြီး တည်နေရာပေးပို့နိုင်သည့် SIM ကတ်တစ်ခုထက်မနည်းကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဗြိတိန်မီဒီယာ inews.co.uk က ဖော်ပြသည်။
ယင်းကိရိယာသည် တရုတ်ကုမ္ပဏီမှ တင်သွင်းသော အလုံပိတ်အစိတ်အပိုင်းအတွင်း၌ ရှိနေခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်ကို ကိုးကား၍ စုံစမ်းစစ်ဆေးရေးသတင်းထောက် ရစ်ချက်ဟုမ်းက ပြောသည်။ 
ခြေရာခံ ဆင်းမ်ကတ်များကို ကားထုတ်လုပ်သူက တပ်ဆင်ထားသည်ဟု သိရှိရပြီးနောက် အနှောင့်အယှက်ပြုမည့် ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
တရုတ်တာဝန်ရှိသူများက ယင်းစွပ်စွဲချက်များကို အခြေအမြစ်မရှိသော ကောလာဟလများအဖြစ် ပယ်ချခဲ့သည်။
"ပုံမှန်စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံရေးအရခြယ်လှယ်တာ ဒါမှဟုတ် တရုတ်စီးပွားရေးလုပ်ငန်းတွေအပေါ် စွပ်စွဲပြောဆိုတာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်" ဟု တရုတ်အရာရှိက ပြောကြားခဲ့သည်။
ထိုသို့တွေ့ရှိမှုကြောင့် နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်ခဲ့ပြီး  တရုတ်ထောက်လှမ်းမှု၏ အကွက်ကျကျ ခြိမ်းခြောက်မှုကို လျင်မြန်စွာ ပြန်လည်သုံးသပ်ရန် ဗြိတိန်နိုင်ငံရေးသမားများအား တောင်းဆိုခဲ့ ကြကြောင်း inews.co.uk က ဖော်ပြခဲ့သည်။
ရုရှားနှင့် တရုတ်ထောက်လှမ်းရေးအဖွဲ့များက ဗြိတိန်ဝန်ကြီးများအား ပစ်မှတ်ထားလာမည်ကို စိုးရိမ်ခြင်းကြောင့် ရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပြည်ပထောက်လှမ်းရေးအဖွဲ့များက တရုတ်နည်းပညာဖြင့် လျှို့ဝှက်ချက်များကို အမြတ်ထုတ်အသုံးချရန် ကြိုးပမ်းနေခြင်းကြောင့် ခြိမ်းခြောက်မှုအလားအလာမှာ ကြီးမားလာကြောင်း ဗြိတိန်ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly