ထိုင်ဝမ်စစ်တပ်က NATO နှင့် လေ့ကျင့်သင်ကြားရေး အစီအစဉ်အကြောင်း ထုတ်ဖော် ကြေညာ

By CNA 
20 January 2023
ထိုင်ဝမ်စစ်တပ်က NATO နှင့် လေ့ကျင့်သင်ကြားရေး အစီအစဉ်အကြောင်း ထုတ်ဖော် ကြေညာ

ထိုင်ဝမ်စစ်တပ်က မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) နှင့်လေ့ကျင့်သင်ကြားရေး အစီအစဉ်တွင် ပါဝင်ခဲ့ကြောင်းကို သင်တန်းသွားတက်ခဲ့သူ စစ်လေယာဉ်မှူးအား တရုတ်နှစ်ကူး မတိုင်မီ ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားစေခြင်းဖြင့် ဇန်နဝါရီလ ၁၁ ရက်တွင် လူသိရှင်ကြားထုတ်ပြန်လိုက်သည်။
နေတိုးကာကွယ်ရေးကောလိပ် (NDC) သို့ ၂၀၂၂ ခုနှစ်တွင် ၆ လကြာ အဆင့်မြင့်လေ့ကျင့်ရေးသင်တန်းသို့ စေလွှတ်ခံခဲ့ရသော အမှတ် ၄၂ လေတပ်၏ တိုက်ခိုက်ရေးတပ်စု ၄၄၉ မှ ဒုတိယဗိုလ်မှူးကြီး ဝူပန်ယန်းက နှစ်စဉ် ဖလှယ်ရေးအစီအစဉ်တွင် ထိုင်ဝမ်စစ်တပ်ကိုယ်စားပြုဖြစ်ရသဖြင့် ဂုဏ်ယူမိကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
နိုင်ငံတကာနှင့် ဒေသတွင်း လုံခြုံရေးအခြေအနေ၊ ယူကရိန်းကို ရုရှားကျူးကျော်မှုနှင့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် နေတိုးနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များက ၆ လကြာ သင်တန်းတက်ရောက်ခဲ့ကြောင်း ဝူက ပြောကြားခဲ့သည်။
ယင်းနိုင်ငံများမှ သံတမန်များနှင့် စစ်ဘက်အရာရှိများ အများစုဖြစ်သည့် အတန်းဖော်များက လေ့ကျင့် ရေးကာလအတွင်း ထိုင်ဝမ်အရေးကို အလွန်စိတ်ဝင်စားခဲ့ကြောင်း ဝူက ပြောကြားခဲ့သည်။ 
ဆင်းချူလေတပ်စခန်းတွင် ဝူတက်ရောက်ခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်ကကျင်းပသော အခမ်းအနားသည် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန (MND) က နှစ်စဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၏ အစိတ်အပိုင်းဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်တွင်စတင်မည့် တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း စစ်တပ်သည် သတိရှိရှိရှိနေမည် ဖြစ်ကြောင်း ပြည်သူများအား စိတ်အေးစေရန် ပြောကြားခဲ့သည်။
ထိုင်ဝမ်သည် နေတိုးကာကွယ်ရေးကောလိပ်သို့ ၆ လကြာ သင်တန်းအတွက် နှစ်စဉ် စစ်မှုထမ်းတစ်ဦးကို စေလွှတ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း အသိပေးခဲ့ပြီး ယင်းအစီအစဉ်တွင် ထိုင်ဝမ်ပါဝင်ခဲ့သည့် အချိန်အတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ 
ထိုင်ဝမ်စစ်တပ်သည် အဓိက မဟာမိတ် အမေရိကန်နှင့် စစ်ရေးပုံမှန်ဖလှယ်မှုများနှင့် ပူးတွဲလေ့ကျင့်ရေး အစီ အစဉ်များရှိသော်လည်း နေတိုးနှင့် အလားတူဖလှယ်မှုအစီအစဉ်များအကြောင်းကို လူသိရှင်ကြား ထုတ်ပြောလေ့မရှိပေ။
နေတိုးကာကွယ်ရေးကောလိပ် (NDC) သည် အီတလီနိုင်ငံ ရောမမြို့တွင် တည်ရှိပြီး နေတိုးအဖွဲ့ဝင် နိုင်ငံများအတွက် နိုင်ငံတကာစစ်ရေးကောလိပ် ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly