ထိုင်ဝမ်က အမေရိကန်ထံမှ လေယာဉ်ပစ် Sidewinder ဒုံးကျည် အစင်း ၁၀ဝ ဝယ်ယူမည်

By CNA 
20 January 2023
ထိုင်ဝမ်က အမေရိကန်ထံမှ လေယာဉ်ပစ် Sidewinder ဒုံးကျည် အစင်း ၁၀ဝ ဝယ်ယူမည်

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ထံမှ ထိုင်ဝမ်ဒေါ်လာ ၂ ဒသမ ၃၉၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၇၈ ဒသမ ၆၃ သန်း) တန်ဖိုးရှိ AIM-9X Block II Sidewinder နည်းဗျူဟာမြောက် ဝေဟင်ပစ်ဒုံးကျည် အစင်း ၁၀ဝ နှင့် ဆက်စပ်အစိတ်အပိုင်းများကို ဝယ်ယူရန် စာချုပ်ချုပ်ဆိုလိုက်ပြီး ၂၀၃၀ ပြည့်နှစ်တွင် အားလုံးပို့ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း စစ်တပ်သတင်းရင်းမြစ်က ဇန်နဝါရီလ ၁၁ ရက်တွင် ပြောသည်။ 
စာချုပ်တွင် AIM-9X Block II Sidewinder နည်းဗျူဟာမြောက် ဒုံးကျည် အစင်း ၁၀ဝ၊ AIM-9X Block II နည်းဗျူဟာမြောက်ပဲ့ထိန်းယူနစ် ၄ ခုနှင့် ဆက်စပ်အစိတ်အပိုင်းများနှင့် ပံ့ပိုးကူညီမှုများ ပါဝင်သည်။
ယင်းသဘောတူညီချက်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်  အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ၆ ကြိမ်မြောက် အတည်ပြုခဲ့သည့် ထိုင်ဝမ်အတွက် ဒေါ်လာ ၁ ဒသမ ၁၀၆ ဘီလီယံ လက်နက်ရောင်းချမှု၏ တစ်စိတ် တစ်ပိုင်းဖြစ်ပြီး AGM-84L-1 Harpoon Block II ဒုံးကျည် အစင်း ၆၀၊ စောင့်ကြည့်ရေးရေဒါအစီအစဉ်နှင့် ဆက်စပ်ပစ္စည်းများအတွက်  ထောက်ပံ့ပို့ဆောင်ရေးပံ့ပိုးမှုများ ပါဝင်ကြောင်း အမေရိကန်ကာကွယ်ရေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (DSCA) က ပြောကြားခဲ့သည်။
အဆိုပါ AIM-9X Block II Sidewinder နည်းဗျူဟာမြောက် ဒုံးကျည်များ ဝယ်ယူမှုသည် ထိုင်ဝမ်၏ လက်ရှိနှင့် အနာဂတ်ခြိမ်းခြောက်မှုများကို ဖြေရှင်းရန် ကာကွယ်ရေးစွမ်းရည်ကို ခေတ်မီစေမည်ဖြစ်ပြီး ထိုင်ဝမ်၏ ရည်မှန်းချက်ဖြစ်သော စစ်ရေးစွမ်းရည်ကို အဆင့်မြှင့်တင်ပေးမည်ဖြစ်သလို အမေရိကန်နှင့် အခြားသောမဟာမိတ်များနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေမည်ဖြစ်ကြောင်း DSCA ၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။
AIM-9X Block II Sidewinder နည်းဗျူဟာမြောက် ဒုံးကျည်များကို ထိုင်ဝမ်သို့ အသုတ်လိုက်ပေးပို့မည်ဖြစ်ကာ  ထိုင်ဝမ်အရှေ့ဘက် တိုင်တန်းကောင်တီရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
အမေရိကန်ကုမ္ပဏီ Raytheon Technologies Corp မှ ထုတ်လုပ်သော AIM-9X Sidewinder ဒုံးကျည်သည် ကမ္ဘာတွင်အဆင့်အမြင့်ဆုံး အနီအောက်ရောင်ခြည်သုံးခြေရာခံနိုင်သော တာတိုပစ် ဝေဟင်မှ ဝေဟင်ပစ်နှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြစ်သည်။
AIM-9X Block II သည် AIM-9X Sidewinder တာတိုပစ်ဒုံးကျည်၏ လက်ရှိအမျိုးအစားဖြစ်ပြီး နိုင်ငံပေါင်း ၄၀ ကျော်တွင် အသုံးပြုနေကြောင်း aerocontact.com ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly