မန္တလေးတွင် ဒလန်ဆိုသူ ၂ ဦး ပစ်သတ်ခံရ တော်လှန်ရေးသစ္စာဖောက်အားရှင်းလင်းခြင်းဖြစ်ဟု STF-MDY ဆို

By 007 (မဇ္စျိမ)
20 January 2023
မန္တလေးတွင် ဒလန်ဆိုသူ ၂ ဦး ပစ်သတ်ခံရ တော်လှန်ရေးသစ္စာဖောက်အားရှင်းလင်းခြင်းဖြစ်ဟု STF-MDY ဆို

ဇန်နဝါရီလ ၂၀ ရက်

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက၊ လက်ဖက်ရည်ဆိုင်ထဲထိုင်နေသည့် အမျိုးသားနှစ်ဦး၊ သေနတ်ဖြင့်ပစ်သတ် ခံလိုက်ရကြောင်း သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီ ၂၀ ရက် နံနက် ၁၁ နာရီခန့်က၊ ပြည်ကြီးတံခွန်မြို့နယ် ၄၈ လမ်းနှင့် လမ်း ၁၂၀ အနီးရှိ လက်ဖက်ရည်ဆိုင်ထဲထိုင်နေသည့် အမျိုးသားနှစ်ဦးကို၊ ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်သော Special Task Force Mandalay(STF-MDY) က ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“သန့်ဇင်(ခ)ကတုံးသည် တော်လှန်ရေးရဲဘော်များအား ဒလန်လုပ်တိုင်ကြားကာ၊ မိမိခေါင်းဆောင်ပါမကျန် စကစ(စစ်ကောင်စီတပ်)နှင့်ပူးပေါင်းကာ ဖမ်းဆီးစေခြင်းများအပြင်၊ ဖမ်းဆီးခံရသောရဲဘော်များ၏ မိသားစု၀င်များအပေါ် မတရား ဖိနှိပ်ငွေညှစ်ခြိမ်းခြောက်ခြင်း၊ မြို့ပေါ်ရှိစကစများ ဖမ်းဆီးစစ်ဆေးရာနေရာများတွင် ပူးပေါင်းပါ၀င်ခြင်းများ၊ ပြည်သူ့အသက်အိုးအိမ်အား မီးရှို့ဖျက်ဆီးရာတွင် ကိုယ်တိုင်ပါ၀င်ခဲ့ခြင်းအပြင်၊ မြို့ပေါ်ကျူးဖျက်သည့်လုပ်ငန်း များအထိပါ ပါ၀င်ပတ်သက်မှုများအား၊ မြင်တွေ့နေခဲ့ရသဖြင့်၊ ၎င်းနှင့်အပေါင်းပါအား STF-MDY မှ နှုတ်ခမ်းနီ(ကျည်ဆန်) နှစ်တောင့်ဖြင့်အရေးယူလိုက်သည်” ဟု ညနေပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

ပစ်သတ်ခံရသူနှစ်ဦး ဒလန်ဟုတ်မဟုတ်နှင့်ပတ်သက်၍၊ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း၊ STF-MDY အနေဖြင့် သေချာမှုမရှိလျှင်မလုပ်ကြောင်း၊ စစ်ကောင်စီနှင့်ပတ်သက်သည့် အမှိုက်များအား ပြင်းပြင်းထန်ထန် ဆက်လက်အရေးယူမည်ဖြစ်ကြောင်း STF-MDY မှဗိုလ်အနိစ္စက ဆိုသည်။

STF-MDY သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း၊ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းအရှေ့ ရပ်ကွက်ရှိ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောဆိုသူကိုလည်း၊ နေအိမ်ထဲအထိ ၀င်ရောက်ပစ်သတ်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly