မော်လမြိုင်တက္ကသိုလ်အနီး ဆိုင်ခန်းများကို ဖျက်သိမ်းရန် ဖိအားပေး

By ဂျူချန်း (မဇ္ဈိမ)
20 January 2023
မော်လမြိုင်တက္ကသိုလ်အနီး ဆိုင်ခန်းများကို ဖျက်သိမ်းရန် ဖိအားပေး

ဇန်နဝါရီလ ၂၀ ရက်
 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ်ရှေ့ လေယာဉ်ကွင်းအနီးနှင့် ဦးစစ်မောင်လမ်းရှိ ဈေးဆိုင်ခန်းများအား စစ်ကောင်စီတပ်က ဇန်နဝါရီလ အကုန်တွင် အပြီးဖျက်သိမ်းခိုင်းထားသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါမြေများမှာ လေယာဉ်ကွင်းပိုင် မြေများဖြစ်ရာ ဆိုင်ခန်းများမှ ငှားရမ်းထားကြခြင်းဖြစ်ကြောင်း နှင့် ယခုခါ လေယာဉ်ကွင်းစီမံကိန်းဆိုသည့် အကြောင်းပြချက်ဖြင့် ဆိုင်ခန်းများအား ယခုလကုန်တွင် အပြီးဖျက်ခိုင်းထားကြောင်း သိရသည်။

“ပြောင်းခိုင်းတာတော့ ကြာပြီ။ လေယာဉ်ကွင်းကမြေကို ငှားထားတာ။ ခုက သူတို့ဆက်မငှားတော့ဘူး။ ခုလကုန်ပြီး နှစ်ရက်နေ့လောက် အပြီးပြောင်းဖို့ လာပြောထားတယ်” ဟု ဆိုင်ခန်းဖွင့်ထားသူတစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ခန်းများ ဖျက်သိမ်းရခြင်းနှင့် ပတ်သက်၍ “အဲ့လမ်းမှာ ဆိုင် ၂၀ဝန်းကျင်လောက်တော့ရှိမယ်။ ဒီဆိုင်လေးတွေက ကျောင်းသားကျောင်းသူတွေအပေါ် မှီခိုလုပ်ကိုင်နေကြရတော့ အဲ့လိုကြီး ဖျက်လိုက်တဲ့အပေါ် ဆိုင်ရှင်တွေကို သနားတယ်။ တခြားနေရာ ရှာလို့ရတယ်ဆိုပေမယ့် ဒီနေရာလေးမှာ ဖွင့်လာတာကြာပြီဆိုတော့ သူတို့လည်း နှမြောကြမှာ” ဟု မော်လမြိင်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးကလည်း “အဲဒီဆိုင်တွေက ဖွင့်ထားတာ ကျွန်တော်မီသလောက်ဆို ၁၅ နှစ်နဲ့ နှစ် ၂၀ ကြားတော့ရှိမယ်။ ဖျက်ခိုင်းတာတော့ ကြားတယ်။ တချို့ဆိုင်တွေတော့ ဖျက်နေကြပြီ။ မနက်က ဖြတ်သွားလို့ ကြည့်လိုက်တာ နှစ်ဆိုင် ဖျက်ပြီးနေပြီ။ သိသလောက်တော့ လေယာဉ်ကွင်းအပိုင်မြေ။ ခုလေယာဉ်ကွင်းက ပြန်ဖျက်ခိုင်းတယ်လို့ ကြားတယ်” ဟု မဇ္ဈိမ ကိုပြောသည်။

အဆိုပါ ဦးစစ်မောင်လမ်းရှိ စားသောက်ဆိုင်များမှာ နှစ်ပေါင်း ကြာမြင့်စွာ ဖွင့်လှစ်ထားသည့်ဆိုင်များဖြစ်ရာ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသူကျောင်းသားအများစု ကျင်လည်ကြသည့် ဆိုင်များလည်း ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာတည်း ။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly