မိုင်းဆွဲခံရပြီး အထိနာသော စစ်ကောင်စီတပ်မှ ပြည်သူကို မီးရှို့သတ်

By ပါခွီး (မဇ္စျိမ)
20 January 2023
မိုင်းဆွဲခံရပြီး အထိနာသော စစ်ကောင်စီတပ်မှ ပြည်သူကို မီးရှို့သတ်

ဇန်နဝါရီလ ၂၀ ရက်

စစ်ကိုင်းတိုင်း ၊ မုံရွာ - အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး အထိနာကာ အနီးပတ်ဝန်းကျင်ရှိပြည်သူများ၏ နေအိမ်နှင့် ဈေးဆိုင်များကို မီးရှို့သွားပြီး ပြည်သူတစ်ဦးကိုလည်း မီးရှို့သတ်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ များထံမှ သိရသည်။

ဇန်နဝါရီလ ၁၈ရက် နံနက် ၉နာရီ ၂၀မိနစ်တွင် မုံရွာမြို့မှ စစ်ကောင်စီ တပ်သားများသည် ရွှေဘိုမြို့ဘက်မှ ဆင်းလာမည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့ဝင်များအတွက် အရာတော် - မုံရွာလမ်းပိုင်းတွင် ကြိုတင် ကင်းထောက် ၊ ကင်းပုန်းဝပ်ရာ ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲခဲ့သော်လည်းဂျန်မာ ပါသည့်အတွက် ဖောက်ခွဲမရခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ရွှေဘို - အရာတော်မှ တစ်ဆင့် မုံရွာမြို့ဘက်သို့ ဆင်းလာသော ၁၂ဘီးကား သုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိအခိုက်သေဆုံးမှု များပြားနိုင်သော်လည်း အရေအတွက်အတည်ပြုနိုင်ခြင်းမရှိကြောင်း ဆိုသည်။

“ ၁၂ဘီးကား သုံးစီးကို ဆွဲတာ ပထမပွိုင့်ကလွတ်သွားတယ် ၊ ဒုတိယပွိုင့်မှာ ကားက မိုင်းထိ ထိုးရပ်သွားပြီး အထိနာသွားတဲ့ ခွေး(စစ်ကောင်စီတပ်သား) တွေက ရမ်းသန်းပစ်တော့တာပဲ” ဟု မိုင်းဆွဲရာတွင်ပါဝင်သည့် ပုဏ္ဏကပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိ သူတစ်ဦး ကပြောသည်။

မိုင်းဆွဲပြီး ဆုတ်ခွာသွားသည့် ကာကွယ်ရေးတပ်ဖွဲ့များ ရှိမည်ထင်သည့် အရပ်ဘက်သို့ ရမ်းသန်းပစ်ခတ်ပြီး တောနေအိမ်နှင့် ဈေးဆိုင် ၁၀လုံးကျော်ကို စစ်ကောင်စီတပ်မှ မီးတင်ရှို့ခဲ့ကြောင်း ဆိုသည်။

၎င်းအပြင် ဆည်မြောင်းအနီး စိုက်ပျိုးရေးလုပ်နေသည့် ပြည်သူ တစ်ဦး (မိုးညို) အမည်လွှဲအား ဖမ်းဆီးစစ်ဆေးပြီး နှိပ်စက်သတ်ဖြတ်ကာ မီးရှို့သွားခဲ့ကြောင်း အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ဆက်လက်ပြောဆိုသည်။

ဦးမိုးညိုသည် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင် မကြာခနဝင်ရောက်မွှေနှောက် သဖြင့် စားသောက်ကုန်ပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကို တောအိမ်တွင် ရွှေ့ထားရာ မီးရှို့ရာတွင် အကုန်ဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအား အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၏ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ ၊ God Of Monywa People Defence Force ( GPDF) ၊ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ပူးပေါင်း၍ စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖောက်ခွဲတိုက်ခိုက်မှုအပြီး ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီကင်းပုန်းများမှ လိုက်လံပစ်ခတ်သောကြောင့် ဗီဒီယိုမှတ်တမ်း ရယူနိုင်ခြင်းမရှိသည့်အတွက် မိဘပြည်သူများအား တောင်းပန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly