ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရိုဟင်ဂျာတိုက်ခိုက်ရေးသမားများကြား တိုက်ပွဲဖြစ်၍ လူ ၁ ဦး သေဆုံး  

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရိုဟင်ဂျာတိုက်ခိုက်ရေးသမားများကြား တိုက်ပွဲဖြစ်၍ လူ ၁ ဦး သေဆုံး  

ဇန်နဝါရီလ ၂၀ ရက်

မြန်မာနှင့်နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာတိုက်ခိုက်ရေးအုပ်စုများကြား တိုက်ပွဲဖြစ်၍ လူတစ်ဦး သေဆုံးပြီး ဒုက္ခသည် ယာယီတဲ ရာပေါင်းများစွာ ပြိုပျက်ကြောင်း ရဲနှင့် မျက်မြင်များက ကြာသပတေးနေ့တွင် ပြောကြသည်။  

ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော ယခု ထိပ်တိုက်တိုက်ပွဲသည် နိုင်ငံမဲ့ လူနည်းစု ရိုဟင်ဂျာများကြားက အတိုက်အခံ လက်နက်ကိုင်ဂိုဏ်းများကြား ပထမဆုံး အများသိ အပြန်အလှန်ပစ်ခတ်မှုပဲ ဖြစ်သည်။ မြန်မာနိုင်ငံမှ အများစု ထွက်ပြေးခဲ့ကြသော ရိုဟင်ဂျာ တစ်သန်းနီးပါးသည် ပြန့်ကျဲနေသော ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။  

ထိပ်တိုက်ပဋိပက္ခအတွင်း ပါဝင်သော အဖွဲ့တစ်ရပ်ဖြစ်သည့် ARSA အဖွဲ့သည် မူးယစ်ဆေးဝါး ကုန်ကူးမှုများ ရှိပြီး ၎င်းတို့ကို ဆန့်ကျင်သော ဒုက္ခသည်ခေါင်းဆောင်များကို သတ်ဖြတ်သည်ဟု စွပ်စွဲခံထားရသည့် အဖွဲ့ဖြစ်သည်။  

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကြားက no man ဇုန်တွင် တပ်ချထားသော ARSA စခန်းကို လူသိမှု နည်းပါးသည့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO မှ တိုက်ခိုက်ရေးသမား ရာနှင့်ချီကာ အာရုဏ်မတက်မီ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ရိုဟင်ဂျာသတင်းရင်းမြစ်များက ပြောသည်။  

အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့သည်ဟု Medecins Sans Frontieres MSF မှ ဆေးဝန်ထမ်းတစ်ဦးက အမည်မဖော်ဘဲ အေအက်ဖ်ပီသို့ ပြောသည်။  

ကလေးတစ်ဦးအပါအဝင် အခြားသူ သုံးဦးကို သေနတ်ရှပ်မှန်သော ဒဏ်ရာကြောင်း ဆေးခန်းတွင် ကုသမှုပေးနေကြောင်း ၎င်းတို့က ပြောသည်။  

တိုက်ခိုက်မှုအတွင်း စခန်းတဲ အများအပြား မီးရှို့ဖျက်ဆီးခံရသည်ဟု အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားသည့် ဒုက္ခသည်စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒဲလ် မိုဟာမတ်က ပြောသည်။  

“ဒီ အရပ်က အိမ်ခြေ ရှစ်ဆယ်ရာခိုင်နှုန်းလောက်၊ အရေအတွက်အရဆို ရာနဲ့ချီပြီး မီးလောင်တယ်၊ တော်တော်များများက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဖက်ဆီ ခိုလှုံကြတယ်”ဟု ၎င်းက ပြောသည်။  

လွန်ခဲ့သည့် လအနည်းငယ်က တာဝန်ရှိသူတစ်ဦး သတ်ဖြတ်ခံရပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်၏ ရုတ်ခြည်းအရေးယူဆောင်ရွက်ရေးတပ်ရင်း အထူးရဲတပ်ဖွဲ့က RSO ၏ တိုက်ခိုက်မှု လွယ်ကူအဆင်ပြေအောင် အခွင့်အရေး ပေးခဲ့ခြင်းဖြစ်သည်ဟု မိုဟာမတ်က အခိုင်အမာ ပြောသည်။  

မြန်မာပိုင်နက်ဘက်သို့ ရိုဟင်ဂျာများ ပြေးဝင်လာကြခြင်းကြောင့် ရပ်တန့်အောင် မြန်မာစစ်သားများက လေထဲ သေနတ်ပစ်ဖောက်ခဲ့ကြကြောင်း ၎င်းက ထပ်လောင်းပြောသည်။  

RSO ၏ တိုက်ခိုက်မှုတွင် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်များလည်း ပါဝင်ပတ်သက်နေကြောင်း ဗုဒ္ဓဟူးနေ့ တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ARSA ထိပ်တန်းခေါင်းဆောင်တစ်ဦးက ပြောသည်။  

“သူတို့ဟာ လက်နက်ကြီးတွေ သုံးပြီး ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို မီးရှို့တာ ဖြစ်တယ်”ဟု ၎င်းတို့က ပြောသည်။  

ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်များ ပါဝင်နေသည်ဆိုခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ရိုမန် ရှာမာက ငြင်းဆန်သည်။  

“ဖြစ်ရပ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား နိုင်ငံတကာနယ်စပ်မှာ ဖြစ်ပွားတာပါ၊ ကျွန်တော်တို့အနေနဲ့ တရားစီရင်ပိုင်ခွင့် မရှိပါဘူး”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။  

ဘင်္ဂလားဒေ့ရှ် ရဲနှင့် နယ်ခြားတပ်ဖွဲ့ဆီ ထင်မြင်ချက်ပေးရန် အေအက်ဖ်ပီက ဆက်သွယ်၍ မရသေးဘဲ မြန်မာ စစ်အာဏာသိမ်းအုပ်စု၏ ပြောခွင့်ရသူတစ်ဦးက ထင်မြင်ချက်ပေးရန် တောင်းခံသည်ကို တုံပြန်ခြင်း မရှိပေ။  

၂၀၁၇ ခုနှစ်အတွင်းက မြန်မာလုံခြုံရေးစခန်းများကို ARSA ၏ တိုက်ခိုက်မှုများကြောင့် စစ်တပ်က ရက်စက်စွာ ဖြိုခွင်းရာမှ ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။  

အဆိုပါ ဖြိုခွင်းမှုများအတွင်း မတော်မတရား ပြုကျင့်မှုများကို ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် စုံစမ်းစစ်ဆေးလျက် ရှိသည်။  

(မိုးသဲ ဘာသာပြန်သည်။)  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly