ဒီးမော့ဆို (၆)မိုင် စံပြကျေးရွာအနီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံး ထိခိုက်ဒဏ်ရာရရှိသူများပြား

By လင်းအိမ် (မဇ္ဈိမ)
20 January 2023
ဒီးမော့ဆို (၆)မိုင် စံပြကျေးရွာအနီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံး ထိခိုက်ဒဏ်ရာရရှိသူများပြား

ဇန်နဝါရီလ ၂၀ ရက်

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (၆)မိုင် စံပြကျေးရွာအနီးတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း KNDF BO - 9 ကထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ (၆)မိုင် စံပြကျေးရွာ လမ်းမကြီး တစ်ကြော၊ ဘုရားကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ နှင့် KNDF B (09) တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ခမရ (၄၂၇)တပ်၏ ကင်းပုန်းများအား အလစ်အငိုက် တိုက်ခိုက်ခြင်းများကိုပါ တစ်ဆက်တည်း လုပ်ဆောင်ခဲ့သည့်အတွက် အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဇန်နဝါရီလ ၁၂ရက် ညနေ ၃ နာရီအချိန်တွင်လည်း (၆)မိုင်‌ကျေးရွာ နှင့် ဘက်သလိန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီမှ ခြေကုတ်ယူထားသော နေရာများနှင့် ခမရ (၄၂၇)တပ် ကင်းပုန်းတို့အား အလစ်အငိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးကြောင်းဖြင့် ဒီးမော့ဆိုမြို့နယ် ၊ (၆)မိုင် စံပြကျေးရွာရှိ (၆)မိုင် ဘုရားကျောင်းနှင့် လမ်းမကြီးတစ်ကြောရှိ နေရာ သုံးခုထက်မနည်းတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ဝင်ရောက်တပ်စွဲခဲ့သည်အတွက် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ထိတွေ့မှုများအပြီး ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များဖက်မှ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် လူနေထိုင်ရာ ကျေးရွာတစ်ရွာရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံအဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့သလို နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု KNDFက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှာ ဒီးမော့ဆိုမြို့နှင့် (၆)မိုင်စံပြကျေးရွာအကြား လမ်းမကြီးတစ်ကြော ၊ ဘုရားကျောင်းတို့တွင် လက်ရှိအချိန်ထိ ခြေကုပ်မျာယူကာ တပ်စွဲလှုပ်ရှားလျှက်ရှိပြီး KNDF B (09) မှခုခံတိုက်ခိုက်လျှက်ရှိသည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly