ကန့်ဘလူမြို့နယ် ဇာဒီရွာရှိ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုရှိဟုဆို

By ကိုခင်မောင် (မဇ္ဈိမ)
20 January 2023
ကန့်ဘလူမြို့နယ် ဇာဒီရွာရှိ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုရှိဟုဆို

ဇန်နဝါရီလ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇာဒီရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Kanbalu Underground Warriors မှ ဇန်နဝါရီ ၁၉ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီ ၁၉ ရက် ညနေ ၃ နာရီ ၃၈ မိနစ်တွင် ကန့်ဘလူမြို့နယ် ဇာဒီရွာ၌ အထိုင်စခန်းချထားသော အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့များမှ ၆၀မမ နှစ်လုံး ၊ ၁၂၀ မမ ငါးလုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်သားတွေနဲ့ ပျူတွေက ကျေးရွာဘုန်းကြီးကျောင်းမှာ စခန်းချထားတာ။ အဲတာကို လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တာပါဗျ။ လက်နက်က သူတို့နေတဲ့နေရာမှာ တည့်တည့်ကျသွားတယ်။ အထိခိုက်ကတော့ ရှိနိုင်ပါတယ်။အတိအကျတော့ မသိရသေးဘူး။” ဟု Kanbalu Underground Warriors မှ ကိုတက်တိုးက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ဘက်မှလည်း လက်နက်ကြီးနှစ်ချက်ဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ဒေသကာကွယ်ရေးမဟာမိတ်ညီနောင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Kanbalu Underground Warriors နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သည့် MPF U.18 ၊ ကန့်ဘလူ မြို့နယ် ပကဖအဖွဲ့ ၊ မြေပြင်လှုပ်ရှားညီနောင်များ နှင့် ကန့်ဘလူမြိုနယ် L - PDF မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်သည်။

ကန့်ဘလူမြို့နယ် ဇာဒီရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ အထိုင်ချထားသည်မှာ ငါးလခန့် ကြာမြင့်နေပြီဖြစ်ပြီး လက်နက်အားကိုးဖြင့် ကျေးရွာနေ ပြည်သူများအပေါ် ခြိမ်းခြောက်ပြီး ပျူသင်တန်းတက်ခိုင်းခြင်း၊ အတင်းအဓမ္မ ဆက်ကြေးကောက်ယူခြင်းများလည်း မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly