နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ ဇန်နဝါရီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ ဇန်နဝါရီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ စစ်ကောင်စီတပ်ပိုင် မြေနေရာတွင် အမျိုးသားညီညွတ် ရေး အစိုးရ (NUG)က ဆောက်လုပ်ရောင်းချမည့် ရဲရင့်နွေဦး ကွန်ဒိုအခန်းများ ဝယ်ယူရန် ကြိုတင် အမှာ စာပေါင်း ၃၀၀ ကျော်ရရှိထားပြီး ဖြစ်ကြောင်း The End of Dictatorship က ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။

· စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဇန်နဝါရီ ၁၇ ရက်တွင်အကူအညီများ ပေးအပ်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထဲ ရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

· အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေခြင်းကို ပြည်သူများ ပူးပေါင်းပါဝင်ခြင်းမပြုရန် ပဲခူးတိုင်း ဝေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အမိန့် ထုတ်ပြန်ခဲ့သည်။

 

တော်လှန်ရေး လှုပ်ရှားမှုများ

· ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ လ၀ကရုံးတွင် ဇန်နဝါရီ ၁၉ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်က အိတ်အမည်းဖြင့် ဗုံးပစ်သွားပြီး စစ်တပ်က ယင်းဗုံးကို သိမ်းဆည်းဖောက်ခွဲလိုက်ကြောင်း‌ ဒေသပြည်သူများထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် တန့်ဆည်ပင်မသပိတ်စစ်ကြောင်း၏ ဦးဆောင်မှုဖြင့် "တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ" ဘန်နာကို ကိုင်ဆောင်၍ စစ်အာဏာရှင်တို့၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြု အလိုမရှိကြောင်း ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင် ချီ တက် သပိတ်မှောက်ခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ ပအဖ၊ ပကဖများ နှင့် ပြည်သူလူထုများ စုပေါင်း၍ စစ်ကောင်စီ၏ ဟန်ပြ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင် ဆန္ဒပြ ကန့်ကွက်ချီတက်ခဲ့ကြကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် "ဖက်ဆစ် ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို

အမြစ်ပြတ်တိုက်ဖျက်ကြ" စာတန်း ကိုင်ဆောင်ကာ စစ်ကောင်စီ ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒပြခဲ့ဟု သိရသည်။

· စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာကျေးရွာကို ဇန်နဝါရီ ၁၈ ရက်၊ နံနက်ပိုင်းက စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ပြည်သူ ၇ ဦး သေဆုံးပြီး စစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအနီး ပတ်ဝန်းကျင်ကို စစ်တပ်က ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင်လည်း ထပ်မံ ဗုံးကြဲမှု ပြုလုပ်ခဲ့ကြောင်း‌ ဒေသပြည်သူများထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင် "တရားမဝင်တဲ့အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ တိုက်ဖျက် ကြ" စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်းက ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြကြသည်။

· မြင်းမူ Black Eagle Defence Force-MMU အဖွဲ့က တော်လှန်ရေး အရှိန်မြှင့်တင်ရန် နှင့် လက်နက် ပစ္စည်း ထုတ်လုပ်ရန် မဲလက်မှတ်များ ရောင်းချမည် ဖြစ်ကြောင်း Black Eagle အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ချောင်းဝရွာ နှင့် မိုးဒါလေး ကျေးရွာကြားတွင် စစ်ကောင်စီ၏ ခလရ (၇၇) တပ်အား ဝိုင်းဝန်းတိုက်ခိုက်ရာ အကြမ်းဖက် စစ်အုပ်စုဘက်မှ အထိခိုက်အကျရှုံးများ ကြောင်း မြို့လှ K-PDF က ယနေ့ အသိပေးထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထုံးဘိုရွာကို ဇန်နဝါရီ ၁၇ ရက်၊ နံနက်ပိုင်းက စစ်တပ်က ဝင်ရောက် စီးနင်းမီးရှို့မှုကြောင့် နေအိမ် ၁၅ လုံး ပြာကျခဲ့ပြီး ပြည်သူ ၁ ဦးကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းကို ဇန်နဝါရီ ၁၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သာစည်လေးကျေးရွာတွင် စစ်ကောင်စီအလိုကျ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဦးစီးဆောင်ရွက်နေသည့် စစ်တပ်သတင်းပေး တစ်ဦးကို ဇန်နဝါရီ ၁၈ ရက်၊ ည ၈ နာရီခန့်က ရှင်းလင်းခဲ့ကြောင်း PRF Kyaukse ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တောကျီးကန်းက ပြော သည်။

· မန္တလေးမြို့က သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာ အောင်အောင်ထွန်း နှင့် အစ်မ မဟေမာဦးတို့ကို အကြမ်းဖက် စစ်တပ်က ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခဲ့ကြောင်း သိရသည်။

· ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁၁ နာရီခန့်က အုပ်ချုပ်ရေးမှူး နှစ်ဦး သေနတ်ဖြင့်ပတ်ခတ်ခံရစဉ် အနီးတွင်ရှိနေသော ရှစ်လသား အရွယ်ကလေးငယ် ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

· ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ ငှက်ပျောတောဘက်တွင် အနှိပ်ခန်းဖွင့်ထားသည့် အသက် (၄၇) နှစ်အရွယ် ဦးဝင်းကို(ခ)မောင်ဦးကို ဇန်နဝါရီ ၁၇ ရက်၊ ည ၁၂ နာရီခန့်က အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုက နေအိမ်တွင်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လူကွယ်ရာ အရောက်တွင် ပစ်သတ်ခဲ့ကြောင်း ဦးဝင်းကို နှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

· မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ကြံ့ဖွတ် ပါတီ စည်းရုံးရေးမှူး အောင်ထွေးခိုင်သည် မရမ်းချောင်ရွာရှိ ၎င်းပိုင်ဆိုင်သော ပျဥ်းကတိုးကုန်းအပိုင် ခြံထဲ၌ ရှိနေစဥ် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးသွားကြောင်း kyaikhto information team ထံမှ သိရသည်။

· မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာ နယ်မြေရဲစခန်းအား ဇန်နဝါရီ ၁၈ ရက်၊ နံနက် ၆ နာရီခန့်က ရေးပြောက်ကျားတပ်ဖွဲ့ (YGF) နှင့် ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားကြောင်း YGF တာဝန်ခံက ပြောသည်။

· အာဏာသိမ်းစစ်ကောင်စီမှ ဦးဆောင်ကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲအား ရှမ်းပြည်တောင်ပိုင်း ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) မှ တောတွင်းတစ်နေရာ၌ ဇန်နဝါရီ ၁၈ ရက်တွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်း သိရသည်။

· မြန်မာစစ်တပ်ကို စစ်လက်နက် သို့မဟုတ် စစ်ဘက်ဆိုင်ရာ အသုံးချနိုင်သည့် ပစ္စည်းများ လွှဲပြောင်း ပေးပို့မှုအတွက် ခွင့်ပြုပေးထားခြင်း မရှိကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘလ ခရစ်ရှနမ်၏ ပြောဆိုချက်ကို ကိုးကားပြီး CNA သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· မွန်ပြည်နယ်၊ ဘီလင်းမြို့တွင် ဇန်နဝါရီ ၁၈ ရက် တစ်ရက်တည်း အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၈ တပ်ရင်း၊ ခမရ ၃ တပ်ရင်း၊ ထွေအုပ်ရုံးနှင့် ရဲစခန်းများကို Hawk Revolutionary Squad (HRS) နှင့် KNLA တပ်ရင်း၂ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ၃ ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိကြောင်း Hawk Revolutionary Squad – HRS က ပြောသည်။

· ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ၊ ကမမောင်းမြို့ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို ယနေ့ ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၇ နာရီခွဲခန့်အချိန်တွင် KNLA တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း KNLA နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

· ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်တွင် ယနေ့ ဇန်န ဝါရီလ ၁၈ ရက် ညနေ ၃ နာရီခွဲခန့်က ရဲ ၅ ဦးကို ချင်းအမျိုးသားတပ်ဦး (CNF) ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း The Matupi Times ၏ သတင်းဖော်ပြချက်အရ သိရသည်။

· ကရင်အမျိုးသားအစည်းအရုံး (KNU) ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်း စစ်ကောင်စီ တပ်က ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင် နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။

· စစ်ကောင်စီစစ်တပ် (ခမရ - ၄၃၄)မှ တပ်သားချစ်ကောင်းသည် ဇန်နဝါရီ ၁ ရက်က လက်နက်နှင့်အတူ အလင်းဝင် လာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၅) က ယမန်နေ့က သတင်းထုတ်ပြန်သည်။

· ချင်းပြည်နယ်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ် ထားနိုင်ပြီ ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက Myanmar Now သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားထားသည်။

· ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ (၆)မိုင် စံပြလမ်းမကြီး တစ်လျှောက် စစ်ကောင်စီက စစ်ကြောင်းသုံးခုခွဲ ၍ ဝင်ရောက် လာပြီးနောက် နေ့စဥ်တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ခုနှစ်ဦးထက်မနည်း သေဆုံးထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၉ က ယနေ့ ထုတ်ပြန်သည်။

· တပ်မ (၆၆) လက်အောက်ခံ ခလရ - ၁၀၂ မှ စစ်ကောင်စီတပ်သားတစ်ဦးသည် ဇန်နဝါရီ ၁၈ ရက်က ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တပ်ရင်း - ၁၀သို့လက်နက်အပြည့်အစုံ ဖြင့် CDM ဝင်ရောက်လာကြောင်း ကရင်နီပြည်သူ့ရင်ခွင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး လူထုနွေဦးသတင်းဌာနတွင် ဖော်ပြထားသည်။

 

စစ်ကောင်စီ

· ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat နှင့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်တို့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီတွင် ယနေ့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ထိုင်းဘက်က သတင်း ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘီဘီစီ မြန်မာပိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

· ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးရမိမှုသည် ၂၀၂၁ ခုနှစ် ကာလတူထက် ကျပ် ၅၆ ဘီလီယံကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ဟု စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက နေပြည်တော်က စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမတွင် ဇန်နဝါရီ ၁၈ ရက်က ကျင်းပ ပြုလုပ်သည့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တွင် ပြောသည်။

· NUG ၊ CRPH နှင့် PDF တို့ကို ချေမှုန်းရေးအတွက် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်ကျင်းပသည့် စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်းများ ပေါက်ကြားသဖြင့် မှတ်တမ်းဌာန ခေါင်းဆောင် ရဲမှူးချုပ် အောင်ဌေးမြင့် နှင့် ရုံးအဖွဲ့ဝင် ရဲအရာရှိကြီး တချို့ စစ်မေးခံနေရကြောင်း သိရသည်။

· တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံခြားသား ခုနစ်ဦးကို ဇန်နဝါရီ ၁၇ ရက်က နှစ်နိုင်ငံ အာဏာပိုင်အဖွဲ့စည်းများ လက်ခံတွေ့ဆုံပြီး ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း ဒေသအာဏာပိုင်အဖွဲ့စည်းများထံမှ သိရသည်။

· ထိုင်းနိုင်ငံ၊ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ရှိ မဲခေါင်မြစ်ခွဲတွင် ပြုပြင်နေသည့် ဆီတင်သင်္ဘော တစ်စီး သည် ဇန်နဝါရီ ၁၇ ရက်၊ နံနက်ပိုင်းက ပေါက်ကွဲမီးလောင်မှုဖြစ်ပွားပြီး မြန်မာလုပ်သား ၇ ဦး နှင့် ထိုင်းလုပ်သား ၁ ဦးတို့ သေဆုံးသွားသည်ဟု စစ်ကောင်စီ လက် အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ထုတ်ပြန်ထားသည်။

· ရန်ကုန်တိုင်းဒေသကြီးက အောင်မြင့်မိုရ် အိမ်ရာ နှင့် သီလဝါအိမ်ရာရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ တိုက်ခန်း ၂၀၀ ကျော်ကို အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့် အထက် စုဆောင်းထားရှိသူများကို ဝယ်ယူခွင့်ပြုမည်ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

· မြန်မာ-ထိုင်း နယ်စပ်ဂိတ်များကနေ ဝင်ရောက်လာမည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ သတ်မှတ်ချက်များကို စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၉ ရက်စွဲ ဖြင့် ထုတ်ပြန်လိုက်သည်။

· မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၀ )ဖြင့် ထိုင်းနိုင်ငံတွင်ကျင်းပမည့် ဒုတိယအကြိမ် တိုင်းရင်းသားရေးရာယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်တက်ရောက်ရန် စစ်ကောင်စီ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့် ဦးဆောင်သည့် အဖွဲ့ ဇန်နဝါရီ ၁၈ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်လေဆိပ်မှတဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

· ရန်ကုန်မြို့၊ ဝန်ကြီးများရုံးတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စုံညီဝေဖြာဈေးပွဲတော်ကို ဖေဖော် ဝါရီ (၁၂) ရက် နှင့် (၁၃) ရက်နေ့များတွင် ကျင်းပသွားမည် ဖြစ်သည်ဟု ရန်ကုန်တိုင်း စစ်ကောင်စီ ထံမှ သိရသည်။

· မော်တော်ယာဉ်များတွင် မြို့နယ်ကိုယ်စားပြု ဂဏန်းနှင့် မော်တော်ယာဉ်အမျိုးအမည်ဖော်ပြချက်တို့ကို ထည့်သွင်းရိုက်နှိပ်ထားသည့် ဖောင်းကြွနံပါတ်ပြား အသစ်များကို လာမည့် မတ်လကုန် အပြီးပြောင်းလဲ တပ်ဆင်ရန် စစ်ကောင်စီ လက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနက ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်သည်။

 

ဇန်နဝါရီ ၁၉ ရက် သုံးသပ်ချက်

· စစ်ကောင်စီတပ်သည် တော်လှန်ရေးအားကောင်းသည့်ဒေသဖြစ်သော စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အတွင်းက စစ်ရေး ပစ်မှတ်မဟုတ်သည့် ပြည်သူအများစု နေထိုင်သည့် ကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲချမှုများကို ဆက်တိုက်ပြုလုပ်နေခြင်းသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေခြင်း ဖြစ်သည်။

· စစ်ကောင်စီကို နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှုများသည် အညာဒေသများတွင် ပိုမိုအားကောင်းလာနေသလို တိုင်းရင်းသားဒေသဖြစ်သည့် ချင်းပြည်နယ် တစ်ခုလုံးတွင်လည်း ချင်းပြည်သူ့ကာကွယ်ရေးတပ်များက ပိုမိုထိန်းချုပ်ထားနိုင်သည်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly