ရွှေလီတွင် အလုပ်ရမည်ဟုဆိုကာ ပွဲစားများက လိမ်ညာခေါ်ယူမှုများရှိနေ 

By 007 (မဇ္စျိမ)
19 January 2023
ရွှေလီတွင် အလုပ်ရမည်ဟုဆိုကာ ပွဲစားများက လိမ်ညာခေါ်ယူမှုများရှိနေ 

မန္တလေး(မဇ္ဈိမ)။   ။ တရုတ်နိုင်ငံ ရွှေလီမြို့တွင်အလုပ်ရမည်ဟုဆိုကာ၊ ငွေကျပ် ၁၀သိန်းနှင့်အထက် ၀န်ဆောင်ခဖြင့် လိမ်ညာခေါ်ယူမှုများရှိနေကြောင်း မြန်မာ-တရုတ်နယ်စပ် ကုန်သည်အသိုက်အ၀န်းထံက သိရသည်။ 

“မန့်ဝိန်းဂိတ်ပြန်ဖွင့်ပြီး နောက်တစ်ရက်နှစ်ရက်လောက်မှာ၊ မကွေးဘက်က လူအယောက် ၂၀ လောက်ကို လူပွဲစားတွေက ခေါ်လာတယ်၊ ဒီ(မူဆယ်)ရောက်တော့ ဟိုဘက်(ရွှေလီ)က ပေးမ၀င်သေးတာဆိုတော့၊ ဒီမှာ တစ်နေကြရော၊ သူတို့ချင်းပြဿနာတက်တော့မှ သိရတာ၊ တစ်ယောက်ကို ၁၀သိန်းပေးရတာရှိတယ်၊ ၁၂သိန်းပေးရတာလည်းရှိတယ်တဲ့၊ အ လိုက်တဲ့လူတွေဗျာ၊ ရွှေလီမှာအလုပ်လုပ်ချင်တာ အဲဒီလောက်ကုန်စရာမှ မလိုတာ” ဟု မူဆယ်မြို့တွင်ရောက်ရှိနေသည့် ကုန်သည်တစ်ဦးက ပြောသည်။ 

မြန်မာ-တရုတ်နယ်စပ် မန့်ဝိန်း-ကျယ်ဂေါင်ဂိတ် ပြန်ဖွင့်ပေးပြီးနောက်၊ တရုတ်နိုင်ငံ ရွှေလီမြို့တွင် အလုပ်ရမည်ဟုဆိုကာ၊ ၀န်ဆောင်ခများစွာဖြင့် လူပွဲစားများက လိမ်ညာခေါ်ယူနေကြောင်း သိရသည်။ 

“လူ၀င်ခွင့်ရပြီလားလို့ လာလာစောင့်ကြည့်သူတွေရှိတယ်၊ လုံး၀ကို မရသေးပါဘူးနော်၊ ဒီဘက်ကို တက်မလာကြပါနဲ့၊ အခု မူဆယ်မှာဆိုရင် တည်းခိုခန်းတွေ အကုန်ပြည့်နေပြီ၊ လူပွဲစားတွေ မြန်မာအချင်းချင်း ဒုက္ခမပေးကြပါနဲ့” ဟု မူဆယ်မြို့ခံံတစ်ဦးက ပြောသည်။ 

တရုတ်နိုင်ငံ ရွှေလီမြို့တွင် အလုပ်လုပ်ချင်လျှင်၊ ၀န်ဆောင်ခများစွာပေးစရာမလိုကြောင်း၊ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပါလျှင် ၀င်ထွက်သွားလာ အလုပ်လုပ်ကိုင်ခွင့်ရကြောင်း နယ်စပ်ကုန်သည်အသိုက်အ၀န်းထံက သိရသည်။ 

မြန်မာ-တရုတ်နယ်စပ် မူဆယ်-ရွှေလီဂိတ်များအား၊ ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ကစ၍၊ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့်ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မန့်ဝိန်း-ကျယ်ဂေါင်ဂိတ်ကို နှစ်နိုင်ငံသဘော တူညီမှုဖြင့် တရား၀င်ပြန်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိတွင် ကုန်သွယ်ယာဉ်များကိုသာ ၀င်ထွက်ခွင့်ပြုထားပြီး၊ လူနှင့်အလည်အပတ်ကိစ္စ ခွင့်မပြုသေးကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

#mizzima
#မြန်မာ
#တရုတ်နယ်စပ် 
#ပွဲစားများ
#ရွှေလီမြို့
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required