တရားမဝင်ကုန်သွယ်မှုများတွင်ပါဝင်နေသည့်ဝန်ထမ်းများကို စံနမူနာပြအနေဖြင့် ထိရောက်စွာ အရေးယူ သွားမည်ဟု စစ်ကောင်စီ ဒု-ဥက္ကဋ္ဌပြော

By မေဘယ်လ်သူ (မဇ္ဈိမ)
19 January 2023
တရားမဝင်ကုန်သွယ်မှုများတွင်ပါဝင်နေသည့်ဝန်ထမ်းများကို စံနမူနာပြအနေဖြင့် ထိရောက်စွာ အရေးယူ သွားမည်ဟု စစ်ကောင်စီ ဒု-ဥက္ကဋ္ဌပြော

(မဇ္ဈိမ)။  ။တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်နေသည့်ဝန်ထမ်းများကို စံနမူနာပြအနေဖြင့် ထိရောက် စွာအရေးယူသွားမည်ဟု စစ်ကောင်စီ ဒု-ဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ကကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“တရားမဝင်ကုန်သွယ်မှုတွေမှာ ဝန်ထမ်းများ ငွေကြေးတောင်းခံခြင်း၊ တံစိုးလက်ဆောင်ရယူခြင်းများ မရှိ စေရန် သတိပေးညွှန်ကြားမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သလို၊ အဲဒီလို အကြိမ်ကြိမ် သတိပေးထိန်းကျောင်းနေတဲ့ ကြားက တရားမဝင်ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ဝန်ထမ်းတွေကို စိစစ်တွေ့ရှိလာရင် စံနမူနာ ပြအနေနဲ့ ထိထိရောက်ရောက် အရေးယူသွားမှာပါ"ဟု ဆိုသည်။

ထို့ပြင် တရားမဝင်ကုန်သွယ်မှုများကို အခကြေးငွေရယူ၍ လက်ခံဆောင်ရွက်ပေးနေသည့် တရားမဝင် ဂိတ်များကို လျှော့ချဖျက်သိမ်းပြီး တရားဝင် ဝင်ပေါက်၊ ထွက်ပေါက်များအား တိုးချဲ့ဖွင့်လှစ်သွားမည်ဟု လည်းဆိုသည်။

“တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးမှာပါဝင်တဲ့သူတိုင်းက တံစိုးလက်ဆောင်ဆိုတာ မကင်းကြဘူး။ ဒါ အရင်ကတည်းက။ အခု စကစလက်ထက်မှာပိုဆိုးတာပေါ့” ဟု စစ်ကောင်စီ ဒု-ဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ပြောကြားချက်နှင့်ပက်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#တရားမဝင်ကုန်သွယ်မှု
#ထိရောက်စွာအရေးယူ
#တံစိုးလက်ဆောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required