စစ်ကောင်စီ အဆိုပြုသည့် ရွေးကောက်ပွဲကို မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေး အင်အားစုက ဝေဖန်

စစ်ကောင်စီ အဆိုပြုသည့် ရွေးကောက်ပွဲကို မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေး အင်အားစုက ဝေဖန်

မြန်မာအဖွဲ့အစည်းများဆိုင်ရာ ညွန့်ပေါင်းအဖွဲ့တစ်ခုဖြစ်သည့် မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေး အင်အားစု (SIF) သည် အာဏာသိမ်းစစ်ကောင်စီ စီစဉ်နေသော ၂၀၂၃ အထွေထွေရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

SIF သည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ရန် လုပ်ဆောင်လျက် ရှိပြီး အောက်ပါ အဖွဲ့များဖြင့် ဖွဲ့စည်းထားသည်။ အထွေထွေ သပိတ်ကော်မတီ (GSC) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် (WLB) ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် ဒီမိုကရေစီ တန်ဖိုးများကို စစ်မှန်စွာ ယုံကြည်ပြီး ဘုံနိုင်ငံရေး အမြင်သဘောထားချင်း တူညီသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။

အောက်ပါတို့သည် စစ်ကောင်စီ အဆိုပြုထားသည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ၎င်းတို့၏ ထုတ်ပြန်ချက်ဖြစ်သည်။

၁။ ပြည်သူ့ တော်လှန်ရေး၏ အဓိကရည်မှန်းချက် သုံးခုမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အတူ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရန်၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ရင်း နိုင်ငံကို ပြုပြင်ပြောင်းလဲရန် ဖြစ်သည်။

၂။ မြန်မာပြည်သူများ၏ သဘောဆန္ဒကို ဆန့်ကျင်လျက်ဖြင့် စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲသည် ဒီမိုကရေစီ ရွေးကောက်ပွဲတစ်ခု ဖြစ်နိုင်မည် မဟုတ်ပေ။ ယင်းရွေးကောက်ပွဲသည် အာဏာသိမ်းစစ်တပ်က ကျူးလွန်ထားခဲ့သည်၊ ကျူးလွန်နေဆဲဖြစ်သည့်၊ ရှေ့ကာလတွင်လည်း သံသယမရှိ ဆက်လက် ကျူးလွန်လိမ့်မည် ဖြစ်သည့် ကြီးလေးသော ရာဇဝတ်မှုများအတွက် စစ်ကောင်စီအတွက် တရားဝင်မှု ရယူနိုင်စေနိုင်မည့် လမ်းကြောင်းတစ်ခုကို ဖန်တီးလိမ့်မည် ဖြစ်သည်။ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲသည် မြန်မာ့လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွက် တည်ငြိမ်မှု၊ အေးချမ်းမှု၊ တရားမျှတမှု သို့မဟုတ် တန်းတူညီမျှရှိမှုတို့ကို ဆောင်ကြဉ်းပေးလိမ့်မည် မဟုတ်ဆိုသည်က မလွဲဧကန် ဖြစ်သည်။

၃။ စစ်ကောင်စီ အဆိုပြုသော ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်း သို့မဟုတ် ပါဝင်ပတ်သက်ခြင်းသည် ပြည်သူတို့၏ တန်ဖိုးအရှိဆုံးသော စွန့်လွှတ်အနစ်နာခံမှုများမှ ထွက်ပေါ်ခဲ့သည့် ပြည်သူ့တော်လှန်ရေး၏ ရည်မှန်းချက်များကို ပယ်ချခြင်း၊ အာဏာသိမ်းစစ်အုပ်စု၏ နိုင်လိုမင်းထက် အုပ်ချုပ်မှုကို ရှည်လျားစေရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေက ခွင့်ပြုပေးထားသည့် ပြစ်ဒဏ်ခတ်မခံရမှုကို ရရှိစေရန် ခွင့်ပြုပေးခြင်းအဖြစ်သာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်မည် ဖြစ်သည်။

၄။ ထို့အတွက်ကြောင့် မိမိတို့၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် အာဏာသိမ်းစစ်ကောင်စီက ကျင်းပမည်ဟု အဆိုပြုထားသော ရွေးကောက်ပွဲကို ဘက်ပေါင်းစုံမှ လက်မခံ ပယ်ချကြရလိမ့်မည် ဖြစ်သည်။ အမှန်အားဖြင့် ဤအတုအယောင် ရွေးကောက်ပွဲသည် နိုင်ငံ့ သမိုင်း၏ တရားခံများကို ရွေးချယ်မည့် ပွဲတစ်ခုသာ ဖြစ်သည်။

၅။ ပြည်ပအစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်စု တည်ထောင်သည့် လုပ်ငန်းစဉ်တွင် မြန်မာပြည်သူတို့နှင့်အတူတကွ ရပ်တည်နေသော နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီ၏ လိမ်ညာလှည့်ဖြား စီစဉ်နေသော အတုအယောင် ရွေးကောက်ပွဲကို အပြင်းအထန် ကန့်ကွက်၊ ပြစ်တင်ရှုတ်ချရန် မိမိတို့ တိုက်တွန်းလိုသည်။

၆။ ကရင် အမျိုးသားအစည်းအရုံး (KNU) ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ကဲ့သို့ အဓိက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများသည် အရပ်သုံးစကားအရ လက်ကိုင်တုတ် ခိုင်းဖတ် ရွေးချယ်ပွဲ ဆိုပြီး မကောင်းသတင်းထွက်သည့် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံ၊ ပယ်ချမည့် ၎င်းတို့၏ ခိုင်မာသော ရပ်တည်ချက်ကို ပြသထားသည်။ စစ်ကောင်စီ စီစဉ်သော အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘဲ ပြစ်တင်ရှုတ်ချရန် အခြားသော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကိုလည်း မိမိတို့ တောင်းဆိုလိုသည်။

၇။ အချုပ်အားဖြင့် ဆိုရလျှင် အားလုံးသော တော်လှန်ရေး တပ်ဖွဲ့အင်အားစုများ၊  နိုင်ငံရေးအင်အားစုများနှင့် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုနှင့်အတူ ပြည်သူ့ တော်လှန်ရေး၏ ရည်မှန်းချက်များကို မိမိတို့ အောင်မြင်ရရှိနိုင်လိမ့်မည် ဆိုသည်ကို မိမိတို့ အခိုင်အမာ ယုံကြည်ပါသည်။ ယင်းအတွက်ကြောင့် ယခု စစ်ကောင်စီ၏ လက်ကိုင်တုတ် ရွေးပွဲ ဟု မကောင်းသတင်းထွက်သည့် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ပြီး မိမိတို့၏ ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆီ သင့်မြတ်စွာဖြင့် အတူတကွ ချီတက်ကြရေးအတွက် တော်လှန်ရေး အင်အားစုအားလုံးကို မိမိတို့ တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required