ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်၌ စစ်တပ်က ၂၀၂၂ ခုနှစ်အတွင်း လူ ၁၉၅ ဦးကို သတ်ကာ ၆၂၉ ဦး ဖျောက်ပစ်ခဲ့ 

By ANI
18 January 2023
ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်၌ စစ်တပ်က ၂၀၂၂ ခုနှစ်အတွင်း လူ ၁၉၅ ဦးကို သတ်ကာ ၆၂၉ ဦး ဖျောက်ပစ်ခဲ့ 

ပါကစ္စတန်စစ်တပ်သည် ၂၀၂၂ ခုနှစ်တွင် လူ ၁၉၅ ဦးကို တရားလက်လွတ် သတ်ဖြတ်ကာ  လူ ၁၈၇ ဦးကို နှိပ်စက်ခဲ့ပြီး  ၆၂၉ ဦး ဖျောက်ဖျက်ပစ်ခဲ့သောကြောင့် ဘာလိုချီစတန်ပြည်နယ်အတွက် ကံဆိုးမိုးမှောင်ကျသော နှစ်တစ်နှစ်ဖြစ်သည်ဟု Baloch National Movement ၏ လူ့အခွင့်အရေးအဖွဲ့အစည်း Paank က ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။  
ဘာလိုချီစတန်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်၌ အစုလိုက်အပြုံလိုက် ပြစ်ဒဏ်စီရင်မှုများ၊ လူပျောက်မှုများ၊ လူသတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အကြမ်းဖက်မှုစသည့် အဖြစ်ဆိုးများဖြင့် ပြည့်နှက်နေခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
ပါကစ္စတန်စစ်တပ်လက်အောက်ရှိ အကြမ်းဖက်မှုနှိမ်နင်းရေးဌာနနှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့တို့သည် ဘာလိုချီစတန်နှင့် ဆင်းဒ်ပြည်နယ်ရှိ ဒေသအသီးသီးတွင် အမျိုးသမီးများနှင့် ကလေးများအပါအဝင် ရာနှင့်ချီသော ဘာလော့ချ်တိုင်းရင်းသားများကို အဓမ္မပျောက်ဆုံးသွားစေခြင်း၊ စုပေါင်းအပြစ်ပေးခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဘာလိုချီစတန်တွင် ဘာလို့ချ်အမျိုးသားရေးဝါဒီပါတီများကိုသာ လုံးဝပိတ်ပင်ကန့်သတ်မှုများ ချမှတ်ထားပြီး ပါကစ္စတန် စစ်တပ်နှင့် စစ်တပ်ကို ထောက်ခံသောအုပ်စုများကသာ နိုင်ငံရေးလွတ်လပ်မှုရှိသည်။
အမျိုးသားရေးဝါဒီပါတီများကို ပိတ်ပင်ထားခြင်းကြောင့် ပေါ်ပေါက်လာသည့် လစ်ဟာနေသောနေရာများတွင် ပါကစ္စတန်စစ်တပ်က ၎င်းအား ထောက်ခံသူများဖြင့် ဖြည့်ဆည်းရန် ကြိုးစားနေသည်။ 
စစ်တပ်၏ လုပ်ရပ်ကြောင့် ပျောက်ဆုံးခဲ့ရသူများ၏ မိသားစုဝင်များသည် ဘာလိုချီစတန်တွင် စစ်တပ်အင်အားနှင့် ယှဉ်ပြိုင်ရာ၌ နိုင်ငံရေးအရ အထီးကျန်နေကြောင်း Paank က ဖော်ပြထားသည်။
ဘာလို့ချ်တိုင်းရင်းသားမိသားစုများသည် ၎င်းတို့ မိသားစုဝင်များကို ပြန်လည်တွေ့ဆုံရေးအတွက် နှစ်ပေါင်းများစွာ ဆန္ဒပြခဲ့ကြသည်။ အစိုးရနှင့် မိသားစုများကြား စေ့စပ်ညှိနှိုင်းမှုများ အများအပြားလုပ်ဆောင်ခဲ့သော်လည်း ပါကစ္စတန်၏ အာဏာမဲ့အစိုးရသည် ၎င်း၏ကတိများကို ဖြည့်ဆည်းရန်နှင့် ဥပဒေကိုလိုက်နာရန် ပျက်ကွက်ခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်ပင်လျှင် “အဓမ္မ ပျောက်ဆုံးသွားမှုတွေနဲ့ ပတ်သက်ပြီး အင်အားကြီးတဲ့ အသိုင်းအဝိုင်းတွေနဲ့ ဆွေးနွေးသွားပါမယ်” ဟု ပြောကြားခဲ့သည်။ ပါကစ္စတန် ဒီမိုကရက်တစ်အစိုးရတွင် အာဏာမရှိဘဲ ပါကစ္စတန်စစ်တပ်သည်သာ အာဏာ၏ ဗဟိုချက်ဖြစ်ကြောင်း ယင်းက ပြသနေသည်ဟု  အစီရင်ခံစာက ဖော်ပြသည်။
ထို့ကြောင့် အစိုးရနှင့် မိသားစုများအကြား စေ့စပ်ညှိနှိုင်းမှုများသည် အကျိုးရလဒ် မရှိတော့ပဲ ဘာလိုချီစတန်တွင် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းများ ပိုမိုဆိုးရွားလာခဲ့သည်။
ထို့ပြင် ဘာလိုချီစတန်အစိုးရသည် ပျောက်ဆုံးနေသူများကို ခြေရာခံရေးအတွက် ကော်မရှင်အသစ်တစ်ခု ဖွဲ့စည်းရန် စီစဉ်နေကြောင်းနှင့်  ကော်မရှင် ဖွဲ့စည်းပြီးပါက ပါကစ္စတန်တွင် တာဝန်ယူလုပ်ဆောင်ရမည့် တတိယမြောက် အစိုးရအဖွဲ့ ဖြစ်လာမည်ဟု New Pakistan သတင်းတွင် ဖော်ပြထားသည်။
အစိုးရသည် ကော်မရှင်များနှင့် ကော်မတီအမျိုးမျိုးကို ဖွဲ့စည်းမည့်အစား အဓမ္မပျောက်ဆုံးမှုများအတွက် ပြည်နယ်ကို တာဝန်ခံရန် တွန်းအားပေးသင့်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ပါကစ္စတန်၏ ပျောက်ဆုံးသူများရှာဖွေရေး ကော်မရှင်သည် ထိန်းသိမ်းရေးစခန်းများရှိ အကျဉ်းသား အရေအတွက်ကို မကြာသေးမီက ပါကစ္စတန်တရားရုံးချုပ်သို့ အစီရင်ခံတင်ပြခဲ့သည်။ ထိန်းသိမ်းရေးစင်တာမှ ပျောက်ဆုံးနေသူ ၉၇၄ ဦး ရှိပြီး  ၆၁၆ ဦးမှာ အကျဉ်းထောင်များတွင် ရှိနေသေးကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်ဟု The Express Tribune က ဖော်ပြခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly