တရုတ်ကို မဟာမိတ်များ  ပူးပေါင်း ရင်ဆိုင်ရမည်ဟု ဂျပန်ဝန်ကြီးချုပ်   ပြောကြား

By  Reuters 
18 January 2023
တရုတ်ကို မဟာမိတ်များ  ပူးပေါင်း ရင်ဆိုင်ရမည်ဟု ဂျပန်ဝန်ကြီးချုပ်   ပြောကြား

တရုတ်နိုင်ငံ၏ ကြီးထွားလာသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်တွင်  ဂျပန်နှင့် အမေရိကန်တို့အကြား မဟာမိတ်ဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်သည့် ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဂျပန်၊ အမေရိကန်နှင့် ဥရောပတို့သည် တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး တညီတညွတ်တည်း လုပ်ဆောင်ရမည်ဟု ဝါရှင်တန်၌ ဇန်နဝါရီလ ၁၃ ရက်က ပြောကြားလိုက်သည်။
တရုတ်သည် ဂျပန်နှင့် အမေရိကန်နှစ်နိုင်ငံစလုံးအတွက် အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ကီရှီဒါက ဂျွန်ဟော့ပ်ကင်း ခေတ်သစ်နိုင်ငံတကာလေ့လာရေးကျောင်းတွင် မိန့်ခွန်းပြောကြားခဲ့သည်။
“ဂျပန်၊ အမေရိကန်နဲ့ ဥရောပတို့ဟာ တရုတ်နိုင်ငံနဲ့ မိမိတို့ သက်ဆိုင်ရာ နိုင်ငံအလိုက် ဆက်ဆံရေးကို ကိုင်တွယ်စီမံရာမှာ စည်းစည်းလုံးလုံး ရပ်တည်ဖို့ လုံးဝ အရေးကြီးပါတယ်” ဟု ကီရှီဒါက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ကီရှီဒါသည် သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီး ဘိုင်ဒင်က အမေရိကန်သည် ဂျပန်နှင့် မဟာမိတ်ဆက်ဆံရေးကို အခိုင်အမာ ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်လက ဂျပန်၏ သမိုင်းဝင်ကာကွယ်ရေးစွမ်းရည်တည်ဆောက်မှုကြေညာချက်ကို ချီးကျူးကြောင်း ပြောခဲ့သည်။
"နိုင်ငံတကာအသိုက်အဝန်းဟာ သမိုင်းဝင်အလှည့်အပြောင်းတစ်ခုကို ရောက်ရှိနေပါပြီ။ မိမိတို့ ကာကွယ်ထိန်းသိမ်းဖို့ ဆောင်ရွက်နေတဲ့ လွတ်လပ်ပွင့်လင်းပြီး တည်ငြိမ်တဲ့ နိုင်ငံတကာစည်းမျဉ်းဟာ အခု အန္တရာယ်ကျရောက်နေပါတယ်" ဟု ကီရှီဒါက ပြောကြားခဲ့သည်။
နိုင်ငံတကာစည်းမျဉ်းအပေါ် တရုတ်နိုင်ငံ၏ အမြင်သည် ဂျပန်နှင့် အမေရိကန်တို့၏ အမြင်များနှင့် တစ်နည်းနည်းဖြင့် ကွဲပြားနေပြီး မဟာမိတ်များက လုံးဝလက်မခံနိုင်ကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။
"တရုတ်အနေနဲ့ သတ်မှတ်ထားပြီးသား နိုင်ငံတကာစည်းမျဉ်းနဲ့အညီလုပ်ဆောင်ပြီး အဲဒီနိုင်ငံတကာစည်းမျဉ်းကို မပြောင်းလဲစေနိုင်တဲ့ ဗျူဟာမြောက်ဆုံးဖြတ်ချက်တစ်ခု ချဖို့လိုအပ်ပါတယ်” ဟု ကီရှီဒါက ပြောကြားခဲ့သည်။
"လက်ရှိအနေအထားကို အင်အားသုံးပြီး တစ်ဖက်သတ်ပြောင်းလဲဖို့ ကြိုးပမ်းမှုတွေကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ပါဘူး၊ ဒါကိုဟန့်တားဖို့ ကျွန်တော်တို့ အင်အားထပ်ဖြည့်ရပါလိမ့်မယ်" ဟု ၎င်းက ပြောကြားပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အင်ဒို-ပစိဖိတ်ဒေသအရေးအတွက် နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ထပ်မံ ပြောကြားခဲ့သည်။
ဂျပန်က ဆန်ကာကူကျွန်းများဟုခေါ်ပြီး တရုတ်က တျောက်ယွီကျွန်းများဟုခေါ်သည့် အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းငယ်များအနီး တရုတ်၏ စစ်ရေးလှုပ်ရှားမှုများနှင့် ယမန်နှစ်က ဂျပန်နိုင်ငံအနီးရှိ ပင်လယ်အတွင်းကျရောက်ခဲ့သည့် တရုတ်၏ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်များမှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ကီရှီဒါက ထပ်မံပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် ဒေသတွင်း၌ တရုတ်၏ဆောင်ရွက်ချက်များအပေါ် စိုးရိမ်မှုများကြောင့် ဆယ်စုနှစ် ၇ ခုကြာ ကျင့်သုံးလာသည့် ငြိမ်းချမ်းရေးဝါဒကို ရုတ်ခြည်း စွန့်လွှတ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးစွမ်းရည်တည်ဆောက်မှုကို ပြီးခဲ့သည့်လက ကြေညာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly