ပန်ချန်းလားမားကဲ့သို့ နှိပ်စက်ခံခဲ့ရသူများ၏ ထိခိုက်ခံစားရမှုများအကြောင်း ထုတ်ဖော်ရေးသားသင့်ဟု တိဗက်ကျောင်းသားပြော

By ANI 
18 January 2023
ပန်ချန်းလားမားကဲ့သို့ နှိပ်စက်ခံခဲ့ရသူများ၏ ထိခိုက်ခံစားရမှုများအကြောင်း ထုတ်ဖော်ရေးသားသင့်ဟု တိဗက်ကျောင်းသားပြော

တိဗက်ဗုဒ္ဓဘာသာတွင် ဒုတိယအရေးအကြီးဆုံး ဘာသာရေးခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသည့်  ပန်ချန်လားမားကဲ့သို့ သန်းနှင့်ချီသော နှိပ်စက်ခံရသူများ၏ ထိခိုက်ခံစားရမှုများအကြောင်း ထုတ်ဖော်ရေးသားသင့်ကြပြီး လူသားမျိုးနွယ် မျိုးသုဉ်းပျောက်ကွယ်မှုမျိုး မဖြစ်သင့်သည့်အတွက် ကယ်တင်သင့်ကြောင်း အိန္ဒိယအခြေစိုက် ဥပဒေရေးရာနှင့် မူဝါဒရေးရာသုတေသနအဖွဲ့ဖြစ်သည့် တိဗက်အခွင့်အရေးအဖွဲ့ (Tibet Rights Collective) မှ တိဗက်ကျောင်းသား တန်ဇင်ဂျမ်ပါက ပြောသည်။
  တိဗက်၏ ၁၁ ဆက်မြောက် ပန်ချန်လားမားနှင့်မိသားစုအား တရုတ်အစိုးရက အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်မှာ ၂၀၂၂ ခုနှစ်က  ၂၇ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။
သို့သော် တရုတ်နိုင်ငံသည် ပန်ချန်လားမား တည်ရှိသည့်နေရာကို ယနေ့အချိန်ထိ လျှို့ဝှက်ထားရုံသာမက အသက်ရှင်နေသေးခြင်း ရှိ၊ မရှိ တစ်စွန်းတစ်စပင် ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
လားမားအား ဖမ်းဆီးခေါ်ဆောင်မှုသည် ယနေ့အထိ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး အဓမ္မဖျောက်ဖျက်ခံရမှုဖြစ်ကြောင်း Tibet Press တွင် ဖော်ပြထားသည်။
၁၄ ဆက်မြောက် ဒလိုင်းလားမားက  ဂတ်ဟန် ချိုကီညီမာအား ၁၁ ဆက်မြောက် ပန်ချန်လားမားအဖြစ် ၁၉၉၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် အသိအမှတ်ပြုခဲ့သည်။ နောက် ၃ ရက်အကြာတွင် ဂတ်ဟန် ချိုကီညီမာသည် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ထိုအချိန်မှစ၍ ပြန်မတွေ့ရတော့ပေ။
ထိုမျှနှင့်ပင် မကျေနပ်သေးဘဲ တရုတ်ကွန်မြူနစ်ပါတီသည် ၎င်းတို့၏စိတ်ကြိုက် ပန်ချန်လားမားကို ခန့်အပ်ပိုင်ခွင့်ကိုပင် ရယူခဲ့ပြီး တိဗက်ရှိ တိဗက်လူမျိုးများအား ထိုသူကို အတင်းအဓမ္မလက်ခံခိုင်းခဲ့ကာ အနည်းဆုံး ၎င်းတို့လုပ်ရပ်ကို ကမ္ဘာအား ပြသခဲ့သည်။ 
မိမိတို့ နာကျင်ခံစားရမှုများနှင့် လားမားလွတ်မြောက်ရေးအတွက် တမ်းတရမှုများ ရပ်တန့်စေရန်  လားမားပျောက်ဆုံးမှုကို အဆုံးသတ်သင့်ပြီဖြစ်ကြောင်း ဂျမ်ပါက ပြောသည်။ သို့သော် ထောင်သောင်းချီသော အခြားတိဗက် လူကြီး၊ လူငယ်များသည် လွတ်လပ်သော တိဗက်နိုင်ငံဖြစ်ရေး တိုက်ပွဲဝင်ရင်း ကွယ်ပျောက်သွားခဲ့ရသည်။
“သူတို့တွေ အသတ်ခံခဲ့ရတယ်၊ ပြန်ပေးဆွဲခံခဲ့ရတယ်၊ ထောင်ချတာ ခံခဲ့ရတယ်။ ဒါပေမယ့် ဒေါသတွေ ဖုံးလွှမ်းနေတဲ့အချိန်မှာ ကမ္ဘာ့လူသားတွေက ဒီဖြစ်ရပ်ကို ဖြစ်ခွင့် ပေးခဲ့ကြတယ်” ဟု ဂျမ်ပါက Tibet Rights Collective တွင် ရေးသားခဲ့သည်။
မိမိတို့ ခန္ဓာကိုယ်က လှုပ်ရှားနိုင်သေးပြီး စိတ်က တွေးတောနိုင်သရွေ့ လွတ်လပ်ရေး တောင့်တမှုများကို ဘယ်တော့မှ မစွန့်လွှတ်သင့်ကြောင်း၊ အာဏာရှင်မင်းဆိုးမင်းညစ်၏ နှလုံးသားကို ထုတ်ပစ်ရန် မိမိတို့၏ ဘာသာစကား လက်နက်နှင့် လုပ်ဆောင်ချက်များကို တတ်နိုင်သလောက် အသုံးပြုသင့်ကြောင်း ဂျမ်ပါက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly