အာဖဂန်နစ္စတန်မှ အမေရိကန် ထွက်ခွာခဲ့မှုအပေါ် ရီပတ်ဘလစ်ကန်အမတ်များ စတင်စုံစမ်း

By ANI 
18 January 2023
အာဖဂန်နစ္စတန်မှ အမေရိကန် ထွက်ခွာခဲ့မှုအပေါ် ရီပတ်ဘလစ်ကန်အမတ်များ စတင်စုံစမ်း

အမေရိကန်အောက်လွှတ်တော်မှ ထိပ်တန်းရီပတ်ဘလစ်ကန်အမတ်တစ်ဦးသည် အမေရိကန်တို့ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာဖဂန်မှ ထွက်ခွာခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းမှုများ စတင်ခဲ့ကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ မိုက်ကယ် မက်ကောလ်က သမ္မတဘိုင်ဒင်အစိုးရသည် ယခုအချိန်အထိ စာရွက်စာတမ်းများလွှဲပြောင်းပေးခြင်းမရှိကြောင်းနှင့် ကော်မတီဥက္ကဋ္ဌတာဝန်အရ ယခု တရားဝင်တောင်းဆိုခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ထံ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။ 
ဘိုင်ဒင်အစိုးရက အာဖဂန်နစ္စတန်မှ ဖရိုဖရဲနှင့်လူသေဆုံးမှုများစွာဖြင့် ထွက်ခွာလာခဲ့ပြီးနောက်  အာဖဂန်နစ္စတန်နိုင်ငံသည် အကြမ်းဖက်သမားများအတွက် လုံခြုံစိတ်ချရသော နေရာဖြစ်လာကာ အမေရိကန်၏ ရန်သူများသည် အတင့်ရဲလာကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"အာဖဂန်မှ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ထွက်ခွာခဲ့မှုနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများနှင့် အချက်အလက်များကို တောင်းဆိုခဲ့သော်လည်း  ဘိုင်ဒင်အစိုးရသည်  ပြည်သူများလိုချင်သည့် ပွင့်လင်းမြင်သာမှုကို လွှတ်တော်သို့ ပေးအပ်ရန် ငြင်းဆန်ခဲ့သည်" ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီသည် သတင်းအချက်အလက်များရရေးအတွက် ကော်မတီ၏ လုပ်ပိုင်ခွင့်ကို လိုအပ်သလို အသုံးပြုသွားမည်ဖြစ်ကြောင်း မက်ကောလ်က ပြောကြားခဲ့သည်။
"ဘိုင်ဒင်အစိုးရဟာ ကျွန်တော်တို့ အချိန်အတော်ကြာ တောင်းဆိုခဲ့မှုတွေကို  အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး အာဖဂန်ကနေ ထွက်ခွာတာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက်ဆုပ်ကိုင်ထားတာဟာ အဓိပ္ပါယ်မဲ့ပြီး ရှက်ဖို့ကောင်းပါတယ်။ ဒီတောင်းဆိုချက်တွေ ရရှိလာဖို့  မဖြစ်မနေလိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ အပါအဝင် ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကို လိုအပ်သလို အသုံးပြုသွားမှာပါ” ဟု ၎င်းက ပြောသည်။
အမေရိကန်တပ်ဖွဲ့များသည် ဆယ်စုနှစ် ၂ ခုကြာပြီးနောက် အာဖဂန်နစ္စတန်မှ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၃၁ ရက်က ပြန်လည်ထွက်ခွာခဲ့သည်။ တာလီဘန်တို့ သိမ်းပိုက်ပြီးချိန်မှစ၍ အာဖဂန်ပြည်သူများသည် ပိုမိုဆိုးရွားသည့် စီးပွားရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ကြုံတွေ့နေရသည်။
ထောင်ပေါင်းများစွာသောလူများ အသက်ဆုံးရှုံးခဲ့ရပြီး ဒေါ်လာ ထရီလီယံပေါင်းများစွာ သုံးစွဲခဲ့ရသည့် ဆယ်စုနှစ် ၂ ခုကြာ စစ်ပွဲအပြီးတွင် တာလီဘန်တို့သည် အာဖဂန်တွင် အာဏာပြန်ရလာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly