အမျိုးသမီးများအခွင့်အရေးကို  ဦးစားမပေးကြောင်း ပညာသင်ယူခွင့် ပိတ်ပင်ထားသည့် တာလီဘန်အစိုးရ ပြောကြား

By NDTV
18 January 2023
အမျိုးသမီးများအခွင့်အရေးကို  ဦးစားမပေးကြောင်း ပညာသင်ယူခွင့် ပိတ်ပင်ထားသည့် တာလီဘန်အစိုးရ ပြောကြား

တာလီဘန်က အစ္စလာမ်ဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်မှန်မျှကို ခွင့်မပြုကြောင်းနှင့် နိုင်ငံအတွင်း ချမှတ်ထားသည့် ဥပဒေစည်းမျဉ်းများအတိုင်း ပြဿနာများကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
တာလီဘန်အစိုးရလက်ထက်တွင် တက္ကသိုလ်ပညာသင်ယူခွင့်နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ တွင် အလုပ်လုပ်ခွင့် တားမြစ်ပိတ်ပင်ခြင်းခံထားရသည့် အာဖဂန်နစ္စတန်အမျိုးသမီးများသည် အခွင့်အရေးများ ချိုးဖောက်ခံနေရသော်လည်း အမျိုးသမီးများနှင့်ပတ်သက်သည့် တားမြစ်ချက်များကို ရုပ်သိမ်းခြင်းသည်  တာလီဘန်အတွက် ဦးစားပေးကိစ္စမဟုတ်ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာမူဂျာဟစ်က ပြောကြားခဲ့ကြောင်း Khaama Press တွင် ဖော်ပြထားသည်။ 
အစ္စလာမ်ဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်မှန်သမျှကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်ပတ်သက်သည့် ပြဿနာများကို နိုင်ငံတွင်း မိမိတို့ ချမှတ်ထားသည့် ဥပဒေစည်းမျဉ်းများအတိုင်း ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း တာလီဘန်က ဇန်နဝါရီလ ၁၄ ရက်က ပြောကြားခဲ့သည်။
တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာမူဂျာဟစ်က "ကိစ္စရပ်အားလုံးကို အစ္စလာမ်ရှာရီယာဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန် အစိုးရက ကြိုးစားနေပြီး နိုင်ငံအတွင်း ရှာရီယာဥပဒေကို ဆန့်ကျင်သည့်လုပ်ရပ်များကို အာဏာရအစိုးရက ခွင့်မပြုပါ" ဟု ပြောကြားခဲ့ကြောငး် Khaama Press တွင် ဖော်ပြထားသည်။
အင်န်ဂျီအိုများတွင် အမျိုးသမီးများ အလုပ်လုပ်ခွင့်ကို တားမြစ်သည့် တာလီဘန်တို့၏ နောက်ဆုံး လုပ်ဆောင်ချက်ကြောင့် နိုင်ငံတွင်း ဒေသအများအပြားတွင် တက္ကသိုလ် ကျောင်းသူများနှင့် အမျိုးသမီး တက်ကြွလှုပ်ရှားသူများ၏ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများကလည်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။
အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ၊ အစ္စလာမ္မာစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)နှင့် အခြားသော နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ အပါအဝင် နိုင်ငံခြားအစိုးရအချို့က အဆိုပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး တားမြစ်ချက်များကို ရုပ်သိမ်းရန်နှင့် အာဖဂန်မိန်းကလေးများနှင့် အမျိုးသမီးများအား ပညာသင်ကြားခွင့်နှင့် NGO အဖွဲ့အစည်းများနှင့် ဆက်လက်လုပ်ကိုင်ခွင့် ပြုရန် တာလီဘန်အိမ်စောင့်အစိုးရအား တိုက်တွန်းထားကြောင်း Khaama Press တွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်ရှိ မိန်းကလေးငယ်များ အလယ်တန်းပညာသင်ယူခွင့် မရတော့သည့်အတွက် ပြီးခဲ့သည့် ၁၂ လအတွင်း နိုင်ငံ၏စီးပွားရေးသည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထက်မနည်း ဆုံးရှုံးခဲ့ပြီး ထိုပမာဏသည် ဂျီဒီပီ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု UNICEF ၏ သြဂုတ်လထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဇာဘီအူလာမူဂျာဟစ်ကလည်း အာဖဂန်နစ္စတန်တွင် ဘာသာရေးအရ ဆောင်ရွက်ချက်များကို နားလည်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နိုင်ငံရေးနှင့်ဆက်စပ်ခြင်းမှ ရှောင်ကြဉ်ရန် အာဖဂန်နစ္စတန်၏ မိတ်ဖက်များနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းများကို တောင်းဆိုခဲ့သည်ဟု Khaama Press တွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် တားမြစ်ကန့်သတ်ချက်အားလုံးကို ဖယ်ရှားကာ ပညာရေးသင်ယူခွင့်နှင့် အလုပ်ပြန်ဝင်ခွင့်ပြုပြီး လူ့အသိုင်းအဝိုင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုရန် နိုင်ငံပေါင်း ၁၁ နိုင်ငံက ဇန်နဝါရီ ၁၃ ရက်က တိုက်တွန်းခဲ့သည်။
သို့သော် တာလီဘန်အာဏာပိုင်များသည် နိုင်ငံအတွင်း အမျိုးသမီးများ၏ ပညာရေး၊ အလုပ်အကိုင်နှင့် သွားလာခွင့်များနှင့်ပတ်သက်သည့် ၎င်းတို့၏ တင်းကျပ်သော မူဝါဒကို ပြောင်းလဲခြင်းမရှိသေးပေ။
သို့သော် အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ပြုမူဆက်ဆံပုံသည် အစ္စလာမ် ရှာရီယာဥပဒေနှင့်အညီဖြစ်ကြောင်း တာလီဘန်၏ ပြောဆိုချက်ကို မွတ်စလင်အများဆုံးနေထိုင်ရာ နိုင်ငံအားလုံးပါဝင်သည့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ပယ်ချထားသည်ဟု Khaama Press က ဖော်ပြခဲ့သည်။
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)  သည် တာလီဘန်အရာရှိများအား အမျိုးသမီးများအပေါ်ကန့်သတ်ချက်များကို ဖယ်ရှားရန်နှင့် အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား မွေးရာပါအခြေခံအခွင့်အရေးများမှစ၍ အကျိုးခံစားခွင့်ရရှိစေရန်နှင့်  ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နှင့် လူထုပတ်ဝန်းကျင်တွင် လှုပ်ရှားသွားလာခွင့်တို့ကို ခွင့်ပြုရန် အကြိမ်ကြိမ် တောင်းဆိုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly