အာဖဂန် အမျိုးသမီးလွှတ်တော်အမတ်ဟောင်း ကဘူးလ်မြို့နေအိမ်တွင် ပစ်သတ်ခံရ

By Radio Free Europe/ Radio Liberty 
18 January 2023
အာဖဂန် အမျိုးသမီးလွှတ်တော်အမတ်ဟောင်း ကဘူးလ်မြို့နေအိမ်တွင် ပစ်သတ်ခံရ

ဖျက်သိမ်းခံထားရသည့် အာဖဂန်နစ္စတန်အောက်လွှတ်တော်မှ အမျိုးသမီးအမတ်ဟောင်းတစ်ဦးသည် မြို့တော်ကဘူးလ်ရှိ သူမ၏နေအိမ် ဝင်ရောက်စီးနင်းခံရပြီး ပစ်သတ်ခံခဲ့ရကြောင်း တာလီဘန်တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။
မူဆာနဘစ်ဇားဒါသည် ဇန်နဝါရီ ၁၅ ရက်က ကဘူးလ်မြို့ အာမက်ရှားဘာဘာနယ်မြေရှိ သူမ၏နေအိမ်ကို သေနတ်သမားများက ဝင်ရောက်စီးနင်းခံရစဉ် သက်တော်စောင့်တစ်ဦးနှင့်အတူ ပစ်သတ်ခံခဲ့ရကြောင်း ကာဘူးလ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခါလစ်ဇက်ဒရန်က ပြောကြားခဲ့သည်။ နဘစ်ဇားဒါ၏အစ်ကိုသည် အခင်းဖြစ်ပွားရာတွင် ဒဏ်ရာရရှိခဲ့သည်။
အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်းမရှိသလို မည်သည့်အဖွဲ့၏လက်ချက်ဖြစ်ကြောင်းလည်း မသိရှိကြပေ။
အဆိုပါသတ်ဖြတ်ခံရမှုအပေါ် ဥရောပပါလီမန် Greens/EFA အဖွဲ့မှ ဂျာမနီလူမျိုးအဖွဲ့ဝင် ဟန်နာနျူမန်အပါအဝင် နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချခဲ့ကြသည်။
“သူမဟာ အမှောင်ထုထဲမှာ သတ်ဖြတ်ခံခဲ့ရပေမယ့် တာလီဘန်တွေဟာ နေ့ခင်းဘက်မှာလည်း အမျိုးသား အမျိုးသမီး ခွဲခြားတဲ့စနစ် ကျင့်သုံးပါတယ်” ဟု နျူမန် က Twitter တွင် ရေးသားခဲ့သည်။
တာလီဘန်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာဏာရလာချိန်မှစ၍ တင်းကျပ်သော စည်းမျဉ်းကို ကျင့်သုံးပြီး အမျိုးသမီးများ၏ အခွင့်အရေးများကို ချိုးနှိမ်ဖိနှိပ်ခဲ့သည်။
တာလီဘန်သည်  အမျိုးသမီးများကို အကူအညီပေးရေးအဖွဲ့များတွင် အလုပ်မလုပ်ရန် ဒီဇင်ဘာလ ၂၄ ရက်က တားမြစ်ခဲ့သည်။ အမျိုးသမီးများအား တက္ကသိုလ်တက်ရောက်ခွင့်ကို တားမြစ်ပြီးနောက် အလုပ်လုပ်ခွင့်ပါ တားမြစ်လိုက်ခြင်း ဖြစ်သည်။ မိန်းကလေးများသည် မတ်လတွင် အထက်တန်းကျောင်းတက်ခြင်းကို ရပ်တန့်ခဲ့ရသည်။
အမျိုးသမီးများအပေါ် တားမြစ်ပိတ်ပင်ထားမှုများကို ပြန်လည်ရုပ်သိမ်းရန် အာဖဂန်နစ္စတန်ရှိ တာလီဘန်ဦးဆောင်သည့် အာဏာပိုင်များအား တောင်းဆိုသော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ရန် အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဇန်နဝါရီ ၁၃ ရက်က တိုက်တွန်းခဲ့သည်။
အာဖဂန်အရေးကို ဆွေးနွေးရန် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)နှင့် ဂျပန်နိုင်ငံတို့၏ တောင်းဆိုချက်အရ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီသည် သီးသန့်တွေ့ဆုံခဲ့ကြကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အမျိုးသမီးများကို လူ့အသိုက်အဝန်းမှ ဖယ်ရှားရန် တာလီဘန်တို့၏ နောက်ဆုံးတားမြစ်ချက်ကြောင့် အာဖဂန်နစ္စတန်ရှိ အင်န်ဂျီအိုများ၏ ၈၅ ရာခိုင်နှုန်းသည် လုပ်ငန်းဆောင်ရွက်မှုများကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြီးတိုင်ပိတ်သိမ်းခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။
အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ပြုမူဆက်ဆံမှုသည် အစ္စလာမ် ရှာရီရာဥပဒေနှင့်အညီ ဖြစ်ကြောင်း တာလီဘန်၏ ပြောဆိုချက်ကို မွတ်စလင်အများဆုံးနေထိုင်ရာ နိုင်ငံအားလုံးပါဝင်သည့်  အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ယခုသီတင်းပတ်အစောပိုင်းက  ပယ်ချခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly