နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၈ ဇန်နဝါရီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၈ ဇန်နဝါရီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ

· နိုင်ငံရေး၊ စစ်ရေး ထူးကဲသာလွန်သော အကျိုးရလဒ်များရရှိနေပြီ ဖြစ်၍ စစ်အာဏာရှင်နိဂုံး ချုပ်တော့ မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီ ၁၇ ရက်က တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားတွင် ပြောသည်။

· တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး သင်တန်းဆင်း ရဲဘော်များအား လက်နက်များ ပေးအပ်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG က သတင်းထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးကျေးရွာအနီးတွင် ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၁၁ နာရီခန့်က စစ်တပ်နှင့် PDF မဟာ မိတ်တပ်ပေါင်းစုများအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးကြောင်း အမျိုးသားညီညွတ် ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီတို့အကြား တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ ၁၇ ရက်၊ ညနေ ၃ နာရီခန့်တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သိရသည်။

· တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အတွင်းရှိ NUG အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ရပ်ကျေး ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဘောလုံးပြိုင်ပွဲကို ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

· အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် ပညာမသင်လိုသည့် ကျောင်းသား လူငယ်များ လေ့လာ သင်ယူနိုင်ရန် ရည်ရွယ်ပြီး ဘာသာစကား အစုံအလင် နွေဦးတက္ကသိုလ်တွင် လေ့လာနိုင်သည်ဟု Spring University Myanmar က ဖိတ်ခေါ်ထားသည်။

· Free Online Education Institution Myanmar-FOEIM ကျောင်း၏ ငွေကြေး အရှုပ်တော်ပုံ နှင့် ပတ်သက်သည့် ကြားနာစုံစမ်း‌ရေးအဖွဲ့၏ အဆုံးသတ် အစီရင်ခံစာကို မကြာမီ ထုတ်ပြန်ပေးမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

 

တော်လှန်ရေး လှုပ်ရှားမှုများ

· မန္တလေး၊ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် "အကြမ်း ဖက်စစ်အုပ်၏ အာဏာရူးပွဲ ပြည်သူ့စည်းလုံးမှုဖြင့် တွန်းလှန်ကြ" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာ ရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၆ နာရီခွဲခန့်က ဗုံးတစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှု ရှိနိုင်ကြောင်း Generation Z Power Mandalay ထံမှ သိရသည်။

· မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အခြေစိုက် People Revolution Force Kyause - PRF Kyaukse မှ ရဲဘော် ၂၁ ဦး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရန်အတွက် လေ့ကျင့်သင်ကြားမှု ပြီးသည့်အတွက် သင်တန်းဆင်းပွဲကို ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

· မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းတွင် လူထုအင်အား အများအပြားဖြင့် အကြမ်းဖက်စစ်တပ် ကျရှုံးရေး အတုအယောင် ရွေးကောက်ပွဲ တားဆီးဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

· မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာအနောက်ဘက် ဇဟောချောင်းအနီးက PDF စခန်းတစ်ခုကို ယနေ့ ဇန်နဝါရီ ၁၈ ရက်၊ နံနက် ၈ နာရီခွဲဝန်းကျင်က ဂန့်ဂေါအခြေစိုက် ခလရ ၅၀ တပ် နှင့် ပျူစောထီးများ ပေါင်းပြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ စခန်းကို သိမ်းဆည်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

· မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတိပေးချက်ကို ဒေသခံများက လိုက်နာမှုအားနည်းသောကြောင့် နှစ်လအတွင်း စစ်ကောင်စီအား တိုက်ခိုက်မည့် မစ်ရှင်ရှစ်ခု ဖျက်သိမ်း ခဲ့ရကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ၏ ပြောဆိုချက်ကို ကိုးကားပြီး လူထုနွေဦးသတင်းဌာနတွင် ဖော်ပြထားသည်။

· စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းတွင် စုဝေးနေသော အကြမ်းဖက် စစ်အုပ်စုကို ဇန်နဝါရီ ၁၇ ရက်၊ နေ့လယ် ၁ နာရီခန့်က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Myaung Special People’s Defense Force –MSPDF ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ ပအဖ၊ ပကဖများ နှင့် ပညာရေး မိသားစုများသည် ပြည်သူလူထု နှင့်အတူ အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အုပ်စု၏ ဟန်ပြ /အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် ပြုလုပ်ခဲ့ပြီး NUG အစိုးရအား ထောက်ခံကြိုဆိုကြောင်း ၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး နှင့် စစ်ကောင်စီ ရွေးကောက်ပွဲ အလိုမရှိ ကြောင်း ကြွေးကြော်ခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေးသပိတ်အင်အားစု (ကနီမြို့နယ်) မှ ဦးဆောင်ပြီး နယ်မြေမငြိမ်မသက် ဖြစ်နေသည့်ကြားမှ စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်ကို အင်အား အများဖြင့် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် အတွင်းရှိ အများပြည်သူ သွားလာသည့် လမ်းပေါ်တွင် စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားခဲ့သည့် ရှင်းလင်းခဲ့ရကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၁၄) က ယနေ့ ထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ ဇန်နဝါရီ ၁၈ ရက်၊ နံနက်အစောပိုင်း၌ ဒေသခံပြည်သူများများ စုပေါင်း၍ စစ်အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိစေရေး အရုဏ်ဦးသပိတ် ချီတက်ဆန္ဒပြခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကျေးလက်သူပုန် သပိတ်စစ်ကြောင်းမှ တော်လှန်လူငယ်များ ဦးဆောင် ကာ ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင် စစ်ဘေးရှောင် ပြည်သူများအား ဆေးဝါးစောင့်ရှောက် ကုသပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ အင်းတော်မြို့က ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဇန်နဝါရီ ၁၇ ရက်၊ ညနေ ၄ နာရီခန့်က ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က လက်လုပ်မိုင်း ၂ လုံးဖြင့် သတိပေး တိုက်ခိုက်ခဲ့သည်ဟု Indaw Revolution-IR အဖွဲ့ထံမှ သိရသည်။

· ပြည်သူများအား ရိုင်းပြစွာ ပြုမူပြောဆိုခြင်းမပြုရန်အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များ လိုက်နာရန် အချက်များကို ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပြီး လိုက်နာခြင်းမရှိသည့် အဖွဲ့ဝင်များကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာ ထားသည်။

· အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီ ၁၈ ရက်၊ နံနက်ပိုင်းတွင် ၆၇၈ ရက်မြောက်အဖြစ် ကြွေးကြော်ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထုံးဘိုရွာကို ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်က စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့မှုကြောင့် နေအိမ် ၁၅ လုံး ပြာကျခဲ့ပြီး ပြည်သူ ၁ ဦး ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ဇန်နဝါရီ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီခန့်က မိုင်းရှင်းလင်းရေး ထွက်သည့် စစ်ကောင်စီ ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ ကိုသက်ကြီးက ပြောသည်။

· ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ဇန်နဝါရီ ၁၆ ရက် နှင့် ၁၇ ရက်တို့တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အရာရှိ ၃ ဦး အပါအဝင် စစ်သား ၄၀ ဦး သေဆုံးကြောင်း Bago Region PDF အဖွဲ့ထံမှ သိရသည်။

· 'နန်းထိုက်အောင်စစ်ဆင်ရေး' အဖြစ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့မှ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ထားသည်။

· ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ရတနာလမ်းတွင် ဇန်နဝါရီ ၁၄ ရက်က အရက်မူးနေသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

· အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို သတ်ဖြတ်လျက်ရှိရာမှာ ဇန်နဝါရီ ၁၇ ရက်အထိ စာရင်းများအရ ကျဆုံးခဲ့ရသူ ၂၇၄၇ ဦး အထိ ရှိပြီဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ် ပြန် သည်။

· အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်နေကြသူများအတွက် အထောက်အကူပြုပေးနိုင်ရန် ရည်ရွယ်ပြီး ရန်ပုံငွေအစီအစဉ်တစ်ခုကို Stay Safe Myanmar Fund အဖွဲ့က စီစဉ်ထားသည်ဟု သိရသည်။

 

တိုင်းရင်းသား လက်နက်ကိုင်များ

· ရက္ခိုင့်တပ်တော် (AA) ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က ၎င်း၏ ဆယ့် လေးနှစ်ကျော်ကြာတော်လှန်ရေး ဖြတ်သန်းမှုသမိုင်း၊ အတွေ့အကြုံတွေ နှင့် ဆေးလောက သားများ၏ အကြောင်းကို “မြန်မာ့တော်လှန်ရေးနှင့် ဆေးလောကသာများ၏ အခန်းကဏ္ဍ” ခေါင်းစဉ် ဖြင့် လာမည့်

ဇန်နဝါရီ ၂၀ ရက်တွင် အွန်လိုင်း Zoom ကနေ ၎င်းကိုယ်တိုင် ဆွေးနွေး မျှဝေ ပြောကြားသွားမည် ဖြစ်သည်ဟု သိရသည်။

· အာဏာသိမ်း စစ်ကောင်စီ၏ ဟန်ပြရွေးကောက်ပွဲ အထမြောက်အောင် ကူညီဆောင်ရွက်သူ မည်သူမဆို အရေးယူမည်ဟု CDF - Hualngoram ထုတ်ပြန်လိုက်သည်။

· ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခံရမည့် သတင်းကို အိန္ဒိယ အစိုးရက ကြိုတင်သိရှိသော်လည်း အကူအညီ မပေးခဲ့ကြောင်း Chinland Information Center-CIC က ယနေ့ ထုတ်ပြန်လိုက်သည်။

 

စစ်ကောင်စီ

· ထိုင်းစစ်တပ်၏ စစ်တပ်ဦးစီးချုပ် General Chalermpol Srisawat သည် ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် လာမည့်ရက်ပိုင်း အတွင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း စစ်ကောင်စီ အသိုင်းအဝိုင်းထံမှ သိရသည်။

· စစ်ကောင်စီ ကျင်းပပြုလုပ်သည့် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကို ဇန်နဝါရီ ၁၈ ရက်မှ ၂၇ ရက်ထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

· ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် နှင့် ဝင်ငွေတိုးတက်ရရှိရန် လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားရမည် ဖြစ်သည်ဟု စစ်ကောင်စီခန့် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဦးလှမိုးက ပြောသည်။

· မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၂ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ သဘာဝဘေးဖြစ်ပွားမှုများကြောင့် သေဆုံးသူ ၁၈၀ ဦးခန့် ရှိခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရသည်။

 

ဇန်နဝါရီ ၁၈ ရက် သုံးသပ်ချက်

· အမျိုးသား ညီညွတ်ရေး အစိုးရက နိုင်ငံရေး၊ စစ်ရေး တဖြေးဖြေးအားကောင်းလာသလို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အားတိုးချဲ့လာပြီး တချို့နယ်မြေများမှ ပြည်သူ့ကာကွယ်ရေး တပ်များကို လက်နက်များ တပ်ဆင်ပေးလာနိုင်သည်။

· တော်လှန်ရေးအရှိန်မြင့်လာသလို့ စစ်ကောင်စီတပ်များမှလည်း ပို၍ပြင်းပြင်းထန်ထန် ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်နှင့် ရပ်ရွာများကို မီးရှို့ဖျက်ဆီးလာသည်။အရပ်ဖက်အဖွဲ့စည်းများ၏ စစ်တမ်းများအရ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် ဒီဇင်ဘာလအတွင်း မီးရှို့ဖျက်ဆီးမှုမှာ ကျန်လများထက် အဆပေါင်းများစွာ များပြားခဲ့သည်။ယင်းထဲတွင် စစ်ကိုင်းတိုင်းအတွင်း ဒီဇင်လာတစ်လထဲပင် အိမ်ခြေ တစ်သောင်းနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ကို တွေ့ရသည်။

· စစ်ကောင်စီက အပူတပြင်း ကျင်းပရန် လုပ်နေသည့် ရွေးကောက်ပွဲကို ပြည်သူများက လက်မခံဘဲ ဆန့်ကျင်နေကြသည်ကို တွေ့ရပြီး အမျိုးသားညီညွတ်ရေးအစိုးရမှလည်း အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းထားသည်။ယင်းကြောင့် ရွေးကောက်ပွဲအတင်းအကျပ်လုပ်ပါက ပဋိပက္ခ ပိုပြင်းထန်လာဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly