နိုင်ငံကူးလက်မှတ်ပြုလုပ်မှု လုပ်ငန်းစဥ်အားလုံး ယာယီရပ်ဆိုင်း

By ဂန္ဒမာ(မဇ္ဈိမ)
18 January 2023
နိုင်ငံကူးလက်မှတ်ပြုလုပ်မှု လုပ်ငန်းစဥ်အားလုံး ယာယီရပ်ဆိုင်း

(မဇ္ဈိမ)။ ။ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ပတ်စ်ပို့ရုံးများကို ဒီဇင်ဘာလကုန်ပိုင်းမှစတင်ပိတ် ထားခဲ့ရာ လက်ရှိတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်မှုလုပ်ငန်းစဥ်အားလုံး ယာယီရပ်ဆိုင်းထားကြောင်း သိရ သည်။

“ရပ်တယ်ဆိုတာလည်း ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ သူတို့ကဘယ်နေ့ဘယ်ရက်ကနေ ဘယ်ထိ ပိတ်ပါတယ်ဆိုတာ ပြည်သူတွေကို တလေးတစားမကြေညာလို့။ အဲဒီတော့ လူတွေကဟိုနေ့ဖွင့်နိုးနိုး ဒီနေ့ ဖွင့်နိုးနိုးနဲ့။ တကယ်ဆို တစ်နိုင်ငံလုံးကပတ်စ်ပို့ရုံးတွေ အကုန်ပိတ်ထားတယ်။ နာမည်ကြီးနေတဲ့ MoU သမားတွေအတွက်တောင် မရတော့ဘူး။ သူတို့ပြန်ဖွင့်မယ်လို့မကြေညာမချင်း ဘယ်ပတ်စ်ပို့ရုံးမှာမှ ဘာမှ လုပ်လို့ရမှာမဟုတ်ဘူးလို့ပဲ နားလည်ထားတယ်” ဟု ကွဲလွဲမှုများစွာဖြစ်ပေါ်နေသည့် ပတ်စ်ပို့ရုံး ဖွင့်/မဖွင့် စကားသံများနှင့်ပတ်သက်၍ ရန်ကုန်မှ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူ သတင်းရင်းမြစ်ကပြော သည်။

“QR Code က သုံးလပိုင်းကုန်အထိပြည့်နေတာ။ အဲဒီဟာကို အရင်ရှင်းရမှာ။ အဲဒီစာရင်းလုပ်ပြီးရင် QR Code နဲ့လူတွေကိုလုပ်ပေးပြီးမှ online စနစ်သွားမှာလား တန်းစီစနစ်ပြန်သွားမှာလား အခြေနေသိရမှာ။ အစကတော့ software နဲ့ online စနစ်လုပ်ဖို့စီစဉ်ထားတာ ခုထိအဆင်မပြေသေးလို့။ ပတ်စ်ပို့ကတော့ သုံးလပိုင်းထိပိတ်ထားဖို့များတယ်လို့ မြဝတီရုံးကပြောတာ။ အခုလောလောဆယ်တော့ တစ်နိုင်ငံလုံး ပိတ်ထားခိုင်းတယ်” ဟု နေပြည်တော်မှအမည်မဖော်လိုသော လဝကဝန်ထမ်းတစ်ဦးက မဇ္ဈိမကိုပြော သည်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)ကလည်း Green Channel ဖြင့် ပတ်စ်ပို့ပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ်လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများကို ယခု ဇန်နဝါရီလ ၁၇ ရက်နေ့မှစတင်ကာ ယာယီရပ်ဆိုင်းကြောင်းကြေညာခဲ့သည်။

ရုံးများပြန်ဖွင့်မည့်နေ့ရက်နှင့်ပတ်သက်၍ သတင်းအမျိုးမျိုးထွက်ပေါ်နေသော်လည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရှိ ဝန်ထမ်းများအပါအဝင် မည်သူမျှအတိအကျမသိရှိရသေးသလို “နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးများ၌ System မြှင့်တင်ခြင်းဆောင်ရွက်မည်ဖြစ်သဖြင့် ရုံးအားခေတ္တပိတ်ထားကြောင်း” ဟုဆိုကာ ရုံးလုပ်ငန်းများ ရုတ်တရက်ရပ်ဆိုင်းလိုက်ခြင်းကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်လိုသူများ အကြား ဝေဖန်မှုများမြင့်တက်လျက်ရှိသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#နိုင်ငံကူးလက်မှတ်
#ပတ်စ်ပို့
#ယာယီရပ်ဆိုင်း
#QR_Code
#Passport

15m

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required