TikTok ဆိုင်ရာ နိုင်ငံတော်လုံခြုံရေးစိုးရိမ်မှုများကို ကြားနာရန် အမေရိကန်အထက်လွှတ်တော်အမတ် တောင်းဆို

By ANI
17 January 2023
TikTok ဆိုင်ရာ နိုင်ငံတော်လုံခြုံရေးစိုးရိမ်မှုများကို ကြားနာရန် အမေရိကန်အထက်လွှတ်တော်အမတ် တောင်းဆို

အမေရိကန် အထက်လွှတ်တော်အမတ် ဒန်ဆူလီဗန်က လူမှုကွန်ရက်အက်ပလီကေးရှင်း TikTok နှင့် ၎င်းနှင့် တရုတ်နိုင်ငံတို့ ဆက်နွှယ်မှုနှင့်ပတ်သက်ပြီး ကိုယ်ရေးအချက်အလက်နှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာများအပေါ် ကြားနာပွဲလုပ်ပေးရန်  အမေရိကန်ကူးသန်းရောင်းဝယ်ရေးကော်မတီခေါင်းဆောင်များထံ ဇန်နဝါရီ ၁၁ ရက် စာပေးပို့ကာ တောင်းဆိုလိုက်သည်။

"လူမှုမီဒီယာ အပလီကေးရှင်း TikTok နှင့်ဆက်စပ်သော  ကိုယ်ရေးလုံခြုံမှုပြဿနာများ၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ၊ ကလေးများအပေါ် အနှောင့်အယှက်ဖြစ်စေသော လွှမ်းမိုးမှုများ နှင့်ပတ်သက်ပြီး ကြားနားပွဲပြုလုပ်ပေးရန် ကူးသန်းရောင်းဝယ်ရေး၊ သိပ္ပံနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အထက်လွှတ်တော်ကော်မတီအား  လေးစားစွာ မေတ္တာရပ်ခံပါသည်" ဟု ဆူလီဗန်က စာထဲတွင် ဖော်ပြထားသည်။

TikTok ကို အသုံးပြုသည့် အမေရိကန်သားများ၏ အချက်အလက်များသည် မိခင်ကုမ္ပဏီဖြစ်သော တရုတ်အခြေစိုက် Byte Dance ၏ ဝန်ထမ်းများဆီသို့ ရောက်မည်ကိုလည်း စိုးရိမ်ကြောင်း ဆူလီဗန်က ပြောသည်။ ဖက်ဒရယ်အေဂျင်စီများနှင့် ပြည်နယ်အစိုးရအချို့သည် တရားဝင် ဆက်သွယ်ရေးပစ္စည်းများတွင် TikTok ကို ကန့်သတ်ရန် လုပ်ဆောင်ခဲ့သော်လည်း အပီကေးရှင်းနှင့်ပတ်သက်သည့် စိုးရိမ်မှုများကို ထပ်ဖြေရှင်းရန် လိုသေးသည်ဟု ဆီလီဗန်က ဆိုသည်။
ဆူလီဗန်က မေတ္တာရပ်ခံစာကို ကူးသန်းရောင်းဝယ်ရေးကော်မတီဥက္ကဋ္ဌ မရီယာကန့်ဝဲလ်နှင့် အဖွဲ့ဝင် တက်ဒ်ခရုဇ်သို့ ပေးပို့ခဲ့သည်။

ရီပတ်ဘလီကန် ဦးဆောင်သော အောက်လွှတ်တော်သည် နည်းပညာနယ်ပယ် အပါအဝင် တရုတ်နှင့် မဟာဗျူဟာ ပြိုင်ဆိုင်မှုဆိုင်ရာ ရွေးချယ်ရေးကော်မတီတစ်ရပ် ထူထောင်ရန် နှစ်ဘက်ပါတီ၏ ဆုံးဖြတ်ချက်ဖြင့် ဇန်နဝါရီ ၁၀ ရက်က အတည်ပြုခဲ့သည်။

ကွန်ဂရက်လွှတ်တော်နှင့် အခြားမူဝါဒချမှတ်သူများက Tiktok ပြသနာကို လက်ခံစဉ်းစားသည့်အတွက် ကြားနာမှုကို အချက်အလက်စုဆောင်းသည့် ပြည်သူ့ဖိုရမ်တစ်ခုအဖြစ် ကျင်းပသွားမည်ဟု ဆူလီဗန်က ပြောကြားခဲ့သည်။ TikTok သည် တရုတ်အစိုးရက အမေရိကန်သို့ ပို့နေသည့် မူးယစ်ဆေးကဲ့သို့ပင် ဒစ်ဂျစ်တယ်ဖန်တနိုင်း ထုံဆေးဖြစ်ကြောင်း  ဝစ်ကွန်ဆင်ပြည်နယ် မှ အမေရိကန်လွှတ်တော်အမတ် မိုက်ဂလက်ဂါက ယခုလအစောပိုင်းတွင် ပြောခဲ့သည်ဟု  CNN က ဖော်ပြခဲ့သည်။

တရုတ်ကုမ္ပဏီ ByteDance ပိုင်သည့် TikTok ကို အမေရိကန်အောက်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များစီမံခန့်ခွဲသည့်  အီလက်ထရွန်နစ်စက်ပစ္စည်းများတွင် အသုံးပြုခွင့်ပိတ်ပင်ထားကြောင်း အောက်လွှတ်တော်ဝန်ထမ်းများထံ ပေးပို့သော အကြောင်းကြားတွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရသည် သမ္မတဂျိူးဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့သည့် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ ထရီလီယံ ဘတ်ဂျက် ဥပဒေကြမ်းတွင် ပါဝင်သော ပြဋ္ဌာန်းချက်အရ TikTok ကို ဖက်ဒရယ်အစိုးရစက်ပစ္စည်းအားလုံးမှ ဖယ်ရှားမည်ဖြစ်သည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း အမေရိကန်ရှိ ပြည်နယ်ပေါင်း ၁ ဒါဇင်ကျော်တွင်  TikTok အက်ပလီကေးရှင်းကို အစိုးရစက်ပစ္စည်းများတွင် မထားရှိရေး တားမြစ်ချက်ကို အကောင်အထည်ဖော်ပြီးနောက် TikTok  နှင့်ပတ်သက်ပြီး ကြားနားပွဲလုပ်ပေးရန် အမေရိကန်အထက်လွှတ်တော်အမတ်က တောင်းဆိုလာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly