တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် လူအုပ်ထဲ ကားဝင်တိုက်၍ ၅ ဦးသေဆုံး

By BBC
17 January 2023
တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် လူအုပ်ထဲ ကားဝင်တိုက်၍ ၅ ဦးသေဆုံး

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ကားတစ်စီးက လမ်းသွားလမ်းလာများကို ဝင်တိုက်သဖြင့် လူ ၅ ဦး သေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့က ယာဉ်မောင်းအမျိုးသားကို ဖမ်းဆီးထားသည်။
ထိုဖြစ်ရပ်ကြောင့် လူအများ ဒေါသထွက်ခဲ့ပြီး လမ်းသွားလမ်းလာများကို တမင် ပစ်မှတ်ထားသည့် လုပ်ရပ်ဖြစ်ကြောင်း ယာဉ်မောင်းကို စွပ်စွဲခဲ့ကြသည်။
အွန်လိုင်းတွင် တင်ထားသော ဗီဒီယို၌ ယာဉ်မောင်းသည် ယာဉ်တိုက်မှု ဖြစ်ပြီးနောက် ကားပေါ်မှ ဆင်းကာ ငွေစက္ကူများကို လေထဲသို့ ကြဲနေသည်ကို တွေ့ရသည်။
ရဲတပ်ဖွဲ့က အသက် ၂၂ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။
ယာဉ်တိုက်မှုသည် ဇန်နဝါရီ ၁၁ ရက် ညနေပိုင်း အလုပ်ဆင်းချိန်တွင် လူဦးရေ ၁၉ သန်းရှိသော ကွမ်ကျိုးမြို့၏ လူစည်ကားသော လမ်းဆုံ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"သူက မီးပွိုင့်မှာ ရပ်နေတဲ့လူတွေဆီ တမင်တကာ မောင်းသွားတာပါ။ အဲဒီကားက လူတွေကို ရက်ရက်စက်စက် ဝင်တိုက်လိုက်တာပါ။ ဂငယ်ကွေ့ ကွေ့ပြီးတော့ လူတွေကို ထပ်တိုက်ခဲ့သေးတယ်" ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဒေသတွင်းမီဒီယာ  Hongxin News သို့ ပြောကြားခဲ့သည်။
"သူ မောင်းတာက အရမ်းတော့ မမြန်ပါဘူး။  ဒါပေမယ့် လူတချို့က သူတို့ကို တမင်တကာ ဝင်တိုက်မယ်ဆိုတာ မသိတော့ အချိန်မီ မပြေးနိုင်ခဲ့တာပါ။" ဟု သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ယာဉ်မောင်းအမျိုးသားသည် ဆိုင်ကယ်နှင့်ယာဉ်ထိန်းရဲတစ်ဦးကို ဝင်တိုက်ခဲ့သော်လည်း ယာဉ်ထိန်းရဲမှာ လွတ်အောင်ရှောင်နိုင်ခဲ့သည်။
တောင်ပိုင်း ဖူဂျီယန် ပြည်နယ်တွင်  ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီက ယာဉ်မောင်းတစ်ဦးသည် အသေးစား ထရပ်ကားဖြင့် လူအုပ်ကို ဝင်တိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။
ရှန်ဟိုင်းတွင်လည်း ယခုသီတင်းပတ် အစောပိုင်းက  ဟိုတယ်ဧည့်သည်တစ်ဦးသည် ဝန်ထမ်းနှင့် စကားများ ရန်ဖြစ်ပြီးနောက် ဟိုတယ်ဧည့်ခန်းထဲသို့ ကားမောင်းဝင်ခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ သို့သော် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly