တရုတ်ကို စိုးရိမ်မှုများ ရှိနေချိန်တွင် ဗြိတိန်နှင့် ဂျပန်တို့ ကာကွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

By Taipei Times
17 January 2023
 တရုတ်ကို စိုးရိမ်မှုများ ရှိနေချိန်တွင် ဗြိတိန်နှင့် ဂျပန်တို့ ကာကွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

ဗြိတိန်နဲ့ ဂျပန်ခေါင်းဆောင်များသည် ပိုင်နက်အသီးသီးတွင် တပ်ဖွဲ့များ ဖြန့်ကြက်ချထားမည့်အစီအစဉ်ပါသော ကာကွယ်ရေး သဘောတူညီချက်ကို ဇန်နဝါရီ ၁၁ ရက်က လက်မှတ်ရေးထိုးလိုက်ကြသည်။
ထိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေးတင်းမာမှုနှင့် စစ်ရေးပြင်ဆင်မှုများ တိုးမြှင့်လာခြင်း အပေါ် စိုးရိမ်ပူပန်မှုများ တိုးပွားလာနေချိန်တွင် နှစ်နိုင်ငံသည် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို အားကောင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်။
ကာကွယ်ရေးသဘောတူညီချက်သည် အင်ဒို-ပစိဖိတ်ဒေသအတွက် မိမိတို့၏ ကတိကဝတ်ကို ခိုင်မြဲစေသည်ဟု ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှိဒါနှင့် ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူးနက်တို့က လန်ဒန်မျှော်စင်အဆောက်အအုံတွင် ပြုလုပ်သည့်  တွေ့ဆုံမှုအတွင်း လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အဆိုပါသဘောတူညီချက်ကို ပြင်ဆင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ကီရှီဒါသည်  ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်လက်ထက် ယမန်နှစ် မေလက လန်ဒန်သို့ရောက်စဉ် အဆိုပါ သဘောတူညီချက်ကို ဆွေးနွေးခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် ဥရောပနိုင်ငံနှင့်ပထမဆုံးချုပ်ဆိုသည့် အပြန်အလှန်လက်လှမ်းမီမှုသဘောတူညီချက်အရ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုလည်း ပြုလုပ်မည်ဖြစ်သည်။
စာချုပ်အရ ဂျီ- ၇ နိုင်ငံနှစ်ခု၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ပိုမိုကြီးမား အဆင့်မြင့်သော စစ်ရေးလေ့ကျင့်မှုများနှင့် တပ်ဖြန့်ချထားမှုများကို စီစဉ်လုပ်ဆောင်သွားနိုင်လိမ့်မည်ဟု ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။
အဆိုပါသဘောတူညီချက်သည် ၂၀၂၀ ခုနှစ်တွင် အီးယူမှ ဗြိတိန် နုတ်ထွက်ပြီးနောက် နိုင်ငံခြားရေးမူဝါဒတွင် အင်ဒို-ပစိဖိတ် ‌အရွေ့သစ်ကို ထင်ဟပ်ပြသလိုက်ခြင်းဖြစ်သည်။ ဗြိတိန်သည် ဂျပန်အား အရှေ့အာရှ အဓိကမဟာမိတ်အဖြစ် ရှုမြင်ထားသည်။
“ပြိုင်ဆိုင်မှုတွေ ပိုများလာနေတဲ့ ဒီနေ့ကမ္ဘာမှာ ကျွန်တော်တို့ ခေတ်က မကြုံစဖူး ကမ္ဘာ့စိန်ခေါ်မှုတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေရချိန်မှာ ဒီမိုကရေစီလူ့အဖွဲ့အစည်းတွေ အချင်းချင်း ပခုံးချင်းယှဉ် ရပ်တည်လျှောက်လှမ်းဖို့က အရင်ကထက် ပိုအရေးကြီးပါတယ်” ဟု ဆူးနက်က ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် သရဖူရတနာများ ထားရှိရာ  နှစ် ၁ ၀၀၀ သက်တမ်းရှိ နန်းတော်နှင့်တော်ဝင်အကျဉ်းထောင်ဟောင်းဖြစ်သော  လန်ဒန်မျှော်စင်တွင်  တွေ့ဆုံခဲ့ကြသည်။
ဂျပန်သည် ယူကရိန်းအား ရုရှားကျူးကျော်မှုကို ရှုတ်ချသည့်အနေဖြင့် ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ရာတွင် အနောက်နိုင်ငံများနှင့် ပူးပေါင်းခဲ့သည်။ ဂျပန်သည် ယူကရိန်းကို စစ်ဦးထုပ်များနှင့် အခြားလက်နက်မဟုတ်သော စစ်ဘက်ဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးခဲ့သည်။
ယူကရိန်းကို ရုရှားကျူးကျော်မှုသည် အရှေ့အာရှအပေါ် သက်ရောက်မှုရှိလာမည်ကို ဂျပန်က စိုးရိမ်နေသည်။   တရုတ်စစ်တပ်သည် အရှေ့အာရှတွင် ရန်လိုမှု မြင့်တက်လာပြီး လိုအပ်ပါက အင်အားသုံးကာ ထိုင်ဝမ်နှင့်ပေါင်းစည်းရေး လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ထားသည်။
တရုတ်နှင့် မြောက်ကိုရီးယားတွင် လက်နက်များ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာမှုအပေါ် စိုးရိမ်ကာ ဂျပန်သည်  ဒုတိယကမ္ဘာစစ်ရှုံးနိမ့်ပြီးနောက် ကျင့်သုံးလာခဲ့သည့် ကိုယ်ပိုင်ကာကွယ်ရေးမူကို ချိုးဖောက်ကာ တန်ပြန်တိုက်ခိုက်မှု စွမ်းရည်အပါအဝင် အဓိကကျသော လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပြီးခဲ့သည့်လက ပြုလုပ်လာခဲ့သည်။
ဂျပန်နိုင်ငံသည် ယခုနှစ်တွင် ဂျီ-၇ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူထားပြီး ကီရှီဒါသည် အီတလီ၊ ပြင်သစ်၊ ကနေဒါနှင့် အမေရိကန်တို့ အပါအဝင် မဟာမိတ်နိုင်ငံများသို့ တစ်ပတ်ကြာ သွားရောက်ခဲ့ကာ အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဇန်နဝါရီ ၁၃ ရက်က တွေ့ဆုံခဲ့သည်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ နှင့် ကီရှိဒါတို့သည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် လုံခြုံရေး အပါအဝင် နယ်ပယ်များစွာတွင် ဆက်ဆံရေး ခိုင်မာစေရန် ဇန်နဝါရီ ၁၀ ရက်နေ့က တွေ့ဆုံမှုတွင် သဘောတူခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly