ကာကွယ်ရေး၊ လုံခြုံရေးနှင့် ကုန်ဖြန့်ဖြူးရေးကိစ္စများ ဆွေးနွေးရန် EU ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ လာရောက်

By SCMP
17 January 2023
ကာကွယ်ရေး၊ လုံခြုံရေးနှင့် ကုန်ဖြန့်ဖြူးရေးကိစ္စများ ဆွေးနွေးရန် EU ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ လာရောက်

 

တရုတ်နှင့် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများ ဆက်ဆံရေးဆိုးရွားနေချိန်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂ နိုင်ငံမှ ပါလီမန် ကိုယ်စားလှယ်အဖွဲ့များသည် လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်သို့ ဇန်နဝါရီလ ၉ ရက်တွင် ရောက်ရှိလာသည်။

ကာကွယ်ရေးကော်မတီအကြီးအကဲများ ဦးဆောင်မှုဖြင့် ဂျာမနီနှင့် လစ်သူယေးနီးယားပါလီမန်အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၉ ရက်တွင် ထိုင်ဝမ်သို့ ရောက်ရှိလာပြီး ၄ ရက်နှင့် ၆ ရက် အသီးသီးကြာမြင့်မည်ဖြစ်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံကိုယ်စားလှယ်များသည် ထိုင်ဝမ်နှင့် လုံခြုံရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ရေလက်ကြားဖြတ်ကျော် ကိစ္စရပ်များနှင့် ဒစ်ဂျစ်တယ်ရေးရာဌာနများမှ အရာရှိကြီးများ အပါအဝင် သမ္မတ စိုင်အင်ဝမ်နှင့်အတူ အခြား အကြီးတန်းအရာရှိများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လွတ်လပ်သော ဒီမိုကရက်တစ်ပါတီ (FDP) မှ ဂျာမနီကိုယ်စားလှယ်အဖွဲ့ကို ဘန်ဒက်စ်တက်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ မာရီအန်နက်စ်ဇီမာမန်နှင့် ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဂျွန်ဟန်းစ်ဗိုဂယ်လ်တို့က ဦးဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဂျာမနီပါလီမန်အဖွဲ့မှ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ၄ လအတွင်း တတိယမြောက်လာရောက်သည့် အဖွဲ့ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယင်းအဖွဲ့တွင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ဘန်ဒက်စ်တက်ကော်မ တီအကြီးအကဲ ရီနာတာအယ်လ်နှင့် FDP ပါလီမန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အူလ်ရစ်ချ်လက်ချ်တေးတို့လည်း ပါဝင်သည်။

ဇီမာမန်က ခရီးစဉ်သည် တရုတ်၏ စစ်ရေးဖိအားများတိုးမြင့်လာချိန်တွင် ထိုင်ဝမ်နှင့် စည်းလုံးညီညွတ်မှုကို ပြသရန်ဖြစ်ကြောင်း ထိုင်ဝမ်သို့ မသွားမီက ပြောကြားခဲ့သည်။

ကိုယ်စားလှယ်များသည် ထိုင်ဝမ်ရှိ ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များကို နားလည်ရန် ကန်ထရိုက်စနစ်ဖြင့် ချစ်ပ်ပြားထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံး Taiwan Semiconductor Manufacturing Co ရုံးချုပ်ရှိရာ ရှင်းချူးသိပ္ပံစက်မှုဇုန်သို့လည်း သွားရောက်မည် ဖြစ်သည်။

ထို့ပြင် လစ်သူယေးနီးယားအဖွဲ့ကို  နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ လောရင်းနက်စ် ကက်ရှူးနက်နှင့် ထိုင်ဝမ်နှင့် လစ်သူယေးနီးယားပါလီမန်ဆက်ဆံရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒိုဗီလီ ဆာကာလီနယ်တို့က ဦးဆောင်ကာ ရောက်ရှိလာကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly