တရုတ်က အမေရိကန်ကိုရည်ရွယ်ကာ ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေဟု ကျွမ်းကျင်ပညာရှင် ပြော

By CNA
17 January 2023
တရုတ်က အမေရိကန်ကိုရည်ရွယ်ကာ ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေဟု ကျွမ်းကျင်ပညာရှင် ပြော

 

ထိုင်ဝမ်ဝေဟင်နှင့် ရေပိုင်နက်အနီး တွင် တရုတ်လေယာဉ် ၅၇ စင်းနှင့် စစ်သင်္ဘော ၄ စင်းတို့ကို ဇန်နဝါရီလ ၈ ရက် နံနက် ၆ နာရီမှ ဇန်နဝါရီလ ၉ ရက် နံနက် ၆ နာရီအကြား  တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန (MND) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလေယာဉ်များအနက် ၂၈ စင်းသည် ထိုင်ဝမ်ရေလက်ကြားရှိ အလယ်မျဉ်းကို ဖြတ်ကျော်ကာ ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) ၏ အနောက်တောင်ဘက်သို့ ဝင်ရောက်ခဲ့ကြောင်း MND မှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ၂၀၂၃ ခုနှစ် နိုင်ငံတော်ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၂၃ ရက်က တရားဝင်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထိုင်ဝမ်ကို ဦးတည်သည့် တရုတ်၏ ဒုတိယမြောက်စစ်ရေး လေ့ကျင့်မှုအတွင်း ယခုကဲ့သို့ လေယာဉ်များ ကျူးကျော်လာခြင်းဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) အရ လာမည့် ၅ နှစ်အတွင်း အမေရိကန်လက်နက်များဝယ်ယူရန် ထိုင်ဝမ်အား ချေးငွေအမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကို ခွင့်ပြုထားသော်လည်း အဆိုပါချေးငွေများသည် ဒီဇင်ဘာနှောင်းပိုင်းတွင် အတည်ပြုခဲ့သော အစိုးရအသုံးစရိတ်ကို ခွင့်ပြုသည့် အမေရိကန်အစိုးရဘတ်ဂျက်လျာထားချက်တွင် မပါဝင်ခဲ့ပေ။

တိုင်ပေရှိ နိုင်ငံတော်မူဝါဒဖောင်ဒေးရှင်းအဖွဲ့မှ တွဲဖက်သုတေသီ ချိန်ချန်က လေယာဉ်အများအပြားက ထိုင်ဝမ်ရေလက်ကြားရှိ အလယ်မျဉ်း ကို ဖြတ်ကျော်ပြီး မကြာမီတွင် ပြန်လှည့်သွားခြင်းကြောင့် ဇန်နဝါရီ ၉ ရက်က လှုပ်ရှားမှုများသည် စစ်ရေးအရ သိပ်မစိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အတွက် ၂၀၂၃ ခုနှစ် NDAA ပါ ပြဋ္ဌာန်းချက်အချို့ကို အမေရိကန်ဖက်ဒရယ်အေဂျင်စီများ ဆက်လက် အကောင်အထည်မဖော်နိုင်စေရန် ထိုသို့သောလှုပ်ရှားမှုများက ရေတိုကာလတွင် တားဆီးနိုင်လိမ့်မည်ဟု တရုတ်က မျှော်လင့်နေကြောင်း ချန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required