နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၇ ဇန်နဝါရီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၇ ဇန်နဝါရီ ၂၀၂၃ ) 

ဇန်နဝါရီလ ၁၇ ရက်

 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ညာဘက်လက်ဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမူကို ကိုင်ဆွဲပြီး ဘယ်ဘက်လက်ဖြင့် လူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ် ရေးမူကို ကိုင်ဆွဲသင့်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောသည်။ 

  • မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ အနေဖြင့် မိမိတို့လေပိုင်နက်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွား သော လေကြောင်းတိုက်ခိုက်မှုများအတွက် အသုံးပြုခွင့် မပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၇ ရက်စွဲဖြင့် တောင်းဆိုချက် ထုတ်ပြန်ထားသည်။ 

  • ၂၀၂၃ ခုနှစ်က အရေးကြီး နှစ်တစ်နှစ်ဖြစ်သည့်အတွက် အားစိုက်ကာ အဖွဲ့များအားလုံး တိုင်ပင် ဆွေးနွေးပြီး ဆောင်ရွက်ကြရန် ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဇန်နဝါရီ ၁၆ ရက်က ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီ တိုင်း၊ ဧရာဝတီတိုင်းတို့တွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကျေးရွာတစ်ရွာတွင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရပ်ရွာပြည်သူလူထူ နှင့် တွေ့ဆုံပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊  ပြည်ထဲရေး နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်များက ဇန်နဝါရီ ၁၆ ရက်တွင်လုံခြုံရေးအတွက် စစ်ဆေးမှုပြုလုပ်နေစဉ် မော်တော်ယာဉ်တစ်စီး ပေါ်က အကြမ်းဖက်စစ်ကောင်စီ ထုတ်ကုန်များ ဖမ်းဆီးရမိခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန် ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ တပ်ရင်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့အားလုံးအနေဖြင့် နိုင်ငံကတာ လူသားချင်းဆိုင်ရာ ဥပဒေများ နှင့် အညီ လိုက်နာ ဆောင်ရွက်ရန် နှင့် ပြည်သူများ၏ ငြိုငြင်မှုမခံရစေရေး ပြုမူနေထိုင် ပြောဆိုကြရန် မြို့နယ် (ပကဖ) က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။ 

  • အကြမ်းဖက်စစ်ကောင်စီ နှင့် လက်ပါးစေများ၏ ကုန်ပစ္စည်းများကို ရောင်းချ တင်သွင်းဖြန့်ဖြူးခြင်း လုံးဝ မပြုလုပ်ရန် တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

 

တော်လှန်ရေးလှုပ်ရှားမှုများ 

  • အစ္စရေးနိုင်ငံ၊ Tel Aviv မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဇန်နဝါရီ ၁၆ ရက်က မြန်မာနိုင်ငံသားများ ဦးဆောင် ကာ စစ်ကောင်စီ ပြုလုပ်မည့် ၂၀၂၃ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြကြသည်။ 

  • ရန်ကုန်တွင် စစ်ကောင်စီက အယောင်ဆောင် ပြောက်ကျားအဖွဲ့များ၊ UG မြေအောက် တော်လှန်ရေး လှုပ်ရှားသူများအဖြစ် အသွင်ယူဖွဲ့စည်းပြီး  မြို့ပြတော်လှန်ရေးအဖွဲ့များ နှင့်ရဲဘော်များကို အယုံသွင်း လိုက်လံ ချိတ်ဆက် ဖမ်းဆီးမှုများ ရှိလာနေကြောင်း မြို့ပြပြောက်ကျားအဖွဲ့တချို့ထံမှ သိရသည်။ 

  • မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဘုန်းဇင်စျေး အနီးရှိ မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ နေအိမ်ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး NLD ပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင်၊ သားဖြစ်သူ ကိုခိုင်သီဟ နှင့် ယင်းနေအိမ်၌ နေထိုင်သော ပြည်သူ ၂ ဦးကိုပါ  စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ အရှေ့တောင်ဘက်ရှိ နွားဈေးကွင်းတွင် ဇန်နဝါရီ ၁၄ ရက်၊ နံနက် ၉ နာရီခန့်တွင် ဆက်ကြေးလာကောက်သည့် ရဲနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး ၎င်းတို့ ကိုင်ဆောင်ထားသည် လက်နက်အချို့ သိမ်းဆည်းရမိကြောင်း Natogyi People Defence Force ( NPDF ) ထံမှ သိရသည်။ 

  • မန္တလေး၊ အောင်မြေသာစံမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဗကသများအဖွဲ့ချုပ် နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဦးစီးကာ အိုးဝေစတစ်ကာများ ဖြန့်ဝေပြီး အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဂျပနကျွန်းရွာကို ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၄ နာရီခန့်က အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ် ၅၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း နှင့် ရွှေနွယ်သွေး သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ဇန်နဝါရီ ၁၇ ရက်တွင် " တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လူထုအား နဲ့ တိုက် ဖျက်ကြ" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင် NUG အစိုးရ ထောက်ခံကြောင်း နှင့် အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးဘက်မှ ထွက်လာပြီး ချင်းတွင်းမြစ်ကြောင်း အတိုင်း စစ်ကြောင်းထိုးလာသည့် စကစတပ်သားများ နှင့် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဆားထုံးကျေးရွာ အနီး ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း Black Shadow အဖွဲ့ ဒုတိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်ဘသိန်းက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လေညှင်းတောင်အနီးတွင် ဘန့်ဘွေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ် နှင့် ပျူစောထီးပူးပေါင်း အဖွဲ့ကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၉ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နဂါးညီနောင်တပ်ဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စက်လှေထံမှ သိမ်းဆည်းရမိသော ဆန်များကို ဇန်နဝါရီ ၁၂ ရက်က PDF တပ်ဖွဲ့က ပြည်သူများကို ပြန်လည်လှူဒါန်းခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

  • ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးဆောင်ပြီး စစ်ကိုင်းတိုင်း ဝက်လက်ဒေသတွင် အခြေခံပညာကျောင်းသားများ သမဂ္ဂတစ်ရပ်ကို ယနေ့ ဇန်နဝါရီ ၁၇ ရက်တွင် ထပ်မံ ဖွဲ့စည်းခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ကုန်းကျေးရွာကို ဇန်နဝါရီ ၁၄ ရက်၊ ညနေပိုင်းက စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများ နှင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သကျက်တောရွာ နယ်မြေရဲစခန်းကို ဇန်နဝါရီ ၁၆ ရက်၊ ည ၁၁ နာရီ ဝန်းကျင်ခန့်က PDF တပ်ဖွဲ့များက မီးရှို့ ရှင်းလင်းခဲ့ကြောင်း လောင်းလုံးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (LLPDF) တပ်ဖွဲ့ထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာတွင် ဇန်နဝါရီ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီခန့်က စတင်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား၊ ပျူစောထီး ပူးပေါင်းအဖွဲ့ နှင့် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့အကြား ညနေ ၄ နာရီခန့် အထိ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄ ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။ 

  • ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာအနီး ဆတ်သေချောင်းအနားတွင် စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက်စစ်တပ်၏ အင်အား ၃၃ ဦးပါ စစ်ကြောင်းကို ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၉ နာရီခန့်က ပြည်ခရိုင် PDF တပ် ရင်း ၃၆၀၁ ၊ တပ်ခွဲ ၃ က မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အကြမ်းဖက် စစ်တပ်က ၄ ဦးသေပြီး ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု  Bago Region PDF က အသိပေး ထုတ်ပြန်ထားသည်။ 

  • မိုးဗြဲမြို့နယ်ရှိ စစ်ဘေးရှောင်များရှိရာနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တမင်ချိန်ရွယ်၍ ပစ်ခတ်သဖြင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ယနေ့ ထုတ်ပြန်သည်။ 

  • ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို အကြမ်းဖက် စစ်ကောင်စီက တောင်ငူ အကျဉ်း ထောင်သို့ ပို့ဆောင်ထားပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း  သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများ အနေဖြင့်စစ်ကောင်စီကပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ဆန့်ကျင်ကြရန် ဗဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု SIF က ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန် တိုက်တွန်းထားသည်။ 

  • တော်လှန်ရေးရဲဘော်များအား ထောက်ပို့ပေးနေသော အဖွဲ့တစ်ခုဖြစ်သည့် ရန်ကုန်တိုင်းအခြေစိုက် Cats_association က မကွေးနှင့် စစ်ကိုင်းတိုင်းတို့မှ တော်လှန်ရေးရဲဘော်များ၏ လက်နက် တပ်ဆင်ရေး နှင့် ဒရုန်းအတွက် “ကူရင်းယူ" ပရောဂျက်ဖြင့် မဲအစီအစဉ်တစ်ခု ပြုလုပ်ထားကြောင်း သိရသည်။ 

  • ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးသည့် မြို့ပြပြောက်ကျားရုပ်ရှင်ကို ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် လာမည့် ဖေဖော်ဝါရီ ၅ ရက်၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ချင်းပြည်နယ် ၊ မတူပီမြို့နယ် အတွင်း စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲ့ယမ်းနှင့် လူ့အသုံး အဆောင် ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း CDF – Matupi က ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်သည်။ 

  • ကရင်နီ(ကယား) ပြည်နယ်၊  ဖရူဆိုမြို့အတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို စနိုက်ပါ ဖြင့် ပစ်ခတ်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း KNDF တပ်ရင်း ၄ က ယမန်နေ့တွင် သတင်းထုတ်ပြန် ထားသည်။ 

 

စစ်ကောင်စီ 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဆန်ဖူလုံမှုမရှိသည်ကို သိရကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီ ၁၆ ရက်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြုလုပ်သည့် အထူးအစည်းအဝေးတွင် ပြောသည်။ 

  • နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း (Money Changer) လုပ်ကိုင်သူများအနေဖြင့် ဗဟိုဘဏ်က ဖွင့်လှစ်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး သင်တန်း တက်ရောက်ရန် လိုသည်ဟု စစ်ကောင်စီခန့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဇန်နဝါရီ ၁၆ ရက်က နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံရာတွင် ပြောသည်။ 

  • ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက် နှင့် ၁၆ရက်အတွင်း ဝ အထူးဒေသက မိုင်းမော၊ နမ့်တစ် မြို့တွေအပါအဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့က နိုင်ငံသားများ အတွက် နိုင်ငံသားစိ စစ်ရေးကတ်ပြား ၁ သောင်းကျော် ဆက်တိုက်ထုတ်ပေးခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သိရသည်။ 

  • အထည်ချုပ်လုပ်ငန်းများအနေဖြင့် ဘဏ်စာရင်းဖွင့်လှစ်ထားခြင်း မရှိပါက အရေးယူခံရမည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောသည်။ 

  • မူဆယ်၊ မြဝတီ နှင့် တာချီလိတ် နယ်စပ်ဒေသများက အကောက်ခွန်အေဂျင်စီများအနေဖြင့် အကောက်ခွန် ဝန်ဆောင်မှု ကုမ္ပဏီများအဖြစ် ပြောင်းလဲဖွဲ့စည်းရမည် ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလ ကုန်ထိ ပြောင်းလဲဖွဲ့စည်းထားခြင်း မရှိပါက ဖျက်သိမ်းမည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ အကောက်ခွန် ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေး နှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဌာနခွဲက သိရ သည်။ 

  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့တွင် CDM ဝန်ထမ်းများရှိလျှင် အကြောင်းကြားရန် နှင့် ဥပဒေအရ အရေးယူမည်ဟု စစ်တပ်က လျှို့ဝှက်စာ ထုတ်ပြန်ထားကြောင်း သိရသည်။ 

  • (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီ ၁၅ ရက်၊ နံနက်ပိုင်းက ကျင်းပစဥ် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်တပ်ကျောထောက် နောက်ခံ USDP ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၆ ခုမှ ပူးတွဲသဘောထား ထုတ်ပြန်ချက် တစ်စောင်အား ဇန်နဝါရီ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။ 

 

ဇန်နဝါရီ ၁၇ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီက အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်အတွင်းမှ အရပ်ဖက်ပစ်မှတ်များပါချန် လေကြောင်းမှ တိုက်ခိုက်နေသည့်အတွက် အသုံးပြုခွင့် မပေးရန် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် တောင်းဆိုမှု များ ယခုထက်ကျယ်ကျယ်လောင်လောင် တောင်းဆိုရမည်ဖြစ်သည်။ 

  • စစ်ကောင်စီကို တော်လှန်ရာတွင် ထောက်ပံ့နေသည့် ထောက်ပို့များသည်လည်း အရေးပါအရာရောက် နေသည်။ယင်းကြောင့်စစ်ကောင်စီမှ ထောက်ပို့လမ်းကြောင်းများပို့ဆို့ကာ အတင်းအကျပ်လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အတွက် လုံခြုံရေးသတိဖြင့်ပြုမှုရန် လိုအပ်သည်။ 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly