အဘိဝံသနှင့် သာမဏေကျော်တို့၏ဗိသုကာ စစ်ကိုင်းမြစကြာဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပျံလွန်တော်မူ

အဘိဝံသနှင့် သာမဏေကျော်တို့၏ဗိသုကာ စစ်ကိုင်းမြစကြာဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပျံလွန်တော်မူ

ဇန်နဝါရီလ ၁၇ ရက်

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ မြစကြာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒကာ ဘိဝံသ မဟာထေရ်သည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဘ၀နတ်ထံပျံလွန်တော်မူသွား ကြောင်း သတင်းရရှိသည်။

“မန္တလေးမှာ ဆေးကုသနေရင်း ဆရာတော်ဘုရားကြီး ဘ၀နတ်ထံပျံလွန်တော်မူသွားပါပြီ။ မနက် ၈ နာရီခွဲ လောက်ကပါ”ဟု ဆရာတော်ဘုရားကြီးနှင့်နီးစပ်သည့် မန္တလေးမြို့မှတပည့်ဒါယိကာတစ်ဦးကပြော သည်။

ယနေ့ဇန်နဝါရီလ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပျံလွန်တော်မူသွားကြောင်း မြစကြာကျောင်းတိုက် ဂဏဝါစကအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဘိဝံသနှင့်သာမဏေကျော်တို့၏ဗိသုကာ စစ်ကိုင်းမြစကြာဆရာတော်ဘုရားကြီးကို မြန်မာသက္ကရာဇ် ၁၃၂၇ ခု၊ သီတင်းကျွတ်လဆန်း ၈ ရက်၊ ခရစ်နှစ် ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၃ ရက် (တနင်္ဂနွေနေ့) တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာ သိမ်တော်ရပ်၌ ခမည်းတော်ဦးကျော့ရွှေနှင့် မယ်တော် ဒေါ်မြစိန်တို့က ဖွားမြင်တော်မူခဲ့သည်။

၁၀ နှစ်သားအရွယ်တွင် ငါန်းမြာကြီးကျေးရွာ စကြာတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကမဟာထေရ် ကို ဥပဇ္စျာယ်ပြုပြီး၊ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်ရောက်ရှိခဲ့သည်။

ရှင်သာမဏဘဝဖြင့် ပရိယတ္တိစာပေသင်ယူရင်း မန္တလေးမြို့ရှိ မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အရိယဝံသာဘိဝံသ(သ.စ.အ ဓမ္မာရိယ၊ ၀ဋံသကာ)၏ ချီးမြှောက်ခေါ်ဆောင်မှုဖြင့် အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက် သိန်းသန်းကျောင်းသို့ ရောက်ရှိခဲ့သည်။

ထို့နောက် ပရိယတ္တိသာသနာလင်္ကာရ(သကျသီဟ)သာမဏေ ကျော်ဘွဲ့နှင့် အစိုးရပထမကြီးတန်းကို ဖြေဆိုအောင်မြင်ခဲ့သည်။

ရဟန်းပြုရမည့်အရွယ်သို့ရောက်ချိန်တွင် မဟာဂန္ဓာရုံကျောင်းတိုက် ပွဲကုန်းသိမ်၌ မဟာဂန္ဓာရုံနာယက ချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တစန္ဒောဘာသမဟာထေရ်ကို ဥပဇ္စျာယ်ပြုပြီး ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ရဟန်းသုံးဝါအရတွင် မြင်းခြံသဒ္ဓမ္မပါလသီးခြားစာသင်တန်း၊ ရန်ကုန်စေတိယင်္ဂဏသီးခြားစာသင်တန်းနှင့် မန္တလေးသကျသီဟသီးခြားစာသင်တန်းတို့ကိုအောင်မြင်ခဲ့ပြီး၊ လေးဝါအရတွင် သာသနဓဇဓမ္မာစရိယဘွဲ့ ကို တစ်နိုင်ငံလုံးတတိယဂုဏ်ထူးဖြင့်လည်းကောင်း၊ ရွှေကျင်နိကာယအထိမ်းအမှတ် ဝိသုဒ္ဓါရုံဝံသပါလ ဓမ္မာစရိယဘွဲ့ကို ဒုတိယဂုဏ်ထူးဖြင့်လည်းကောင်း ဖြေဆိုအောင်မြင်ခဲ့သည်။

ဆရာတော်ဘုရားကြီသည် မြန်မာနှစ် ၁၃၄၀ ပြည့်နှစ်မှ ၁၃၅၃ ခုနှစ်အထိ ၁၃ နှစ်တိုင်အောင်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် စာသင်စာချကျောင်းဘုန်းကြီးဘဝဖြင့် သီတင်းသုံးနေထိုင်တော်မူရင်း ၁၃၅၄ ခုနှစ် နယုန်လပြည့်ကျော် ၁ ရက်နေ့တွင် မြစကြာဆရာတော်ဘဒ္ဒန္တလက္ခဏမဟာထေရ်က မြစကြာကျောင်း တိုက်အား ရဟန်းလုပ်ထုံးလုပ်နည်းနှင့်တကွ တရား၀င်လွှဲအပ်လှူဒါန်းခြင်းကို ခံယူခဲ့ရသည်။

ထို့နောက်ပိုင်းမှစ၍ မြစကြာကျောင်းတိုက် ဂဏဝါစကစာချတာ၀န်၊ ပဓာနနာယကတာ၀န်၊ ပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲ ကြီးကြပ်ရေးတာ၀န်၊ သာသနာလင်္ကာရစာမေးပွဲ ပုစ္ဆကတာ၀န်နှင့် အဖွဲ့၀င်တာ၀န် များ၊ ထို့နောက် မြို့နယ်အဆင့်တိုင်းအဆင့်ဝိနည်းဓိုရ်တာ၀န်၊ ရွှေကျင်နိကာယဂိုဏ်းလုံး၀န်ဆောင် နာယကတာ၀န်တို့ကို အဆင့်ဆင့်ထမ်းဆောင်ရင်း သက်တော် ၅၈ နှစ်၊ ဝါတော် ၃၈ ဝါတွင် ဘ၀နတ်ထံ ပျံလွန်တော်မူ ခဲ့ခြင်းဖြစ်သည်။

“ဆရာတော်ကြီးက မြ၀တီမင်းကြီးဆရာတော်ရဲ့တပည့်လည်းဖြစ်တယ်၊ သာသနာ့အာဇာနည်တွေမွေး ထုတ်ပေးနေတဲ့ဆရာတော်ဘုရားကြီး ပျံလွန်တော်မူတာဟာ သာသနာအတွက် အထူးသဖြင့် ပရိယတ္တိ သာသနာတော်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးပါပဲ” ဟု မန္တလေးမြို့ခံ စာရေးဆရာတစ်ဦးက မှတ်ချက် ပြုသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly