PDF Game ကစားသူများကို အရေးယူရန် စစ်ကောင်စီကြိုးပမ်းနေ

By ရွှေနွယ် (မဇ္ဈိမ)
17 January 2023
PDF Game ကစားသူများကို အရေးယူရန် စစ်ကောင်စီကြိုးပမ်းနေ

ဇန်နဝါရီလ ၁၇ ရက်

NUG ၊ CRPH နှင့် PDF များမှ လူငယ်များ၏မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် ဖန်တီးထားသော PDF Game ဆော့ကစားခြင်း သည် အကြမ်းဖက်အဖွဲ့ကိုထောက်ပံ့အားပေးခြင်းဖြစ်သည့်အတွက် ဥပဒေအရ အရေးယူခံရနိုင်သည်ဟု စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ နေ့စဉ်ထုတ်လွှင့်လျက်ရှိသည်။

မကြာသေးမီကပေါက်ကြားလာသော စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်း အဝေးမှတ်တမ်းတွင်လည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်စိုးတင့်နိုင်က PDF Game ကစားခြင်းနှင့်ပတ်သက်ပြီး နိုင်ငံပိုင်မီဒီယာရုပ်သံများမှ စာတန်းထိုးနှင့်ပါ အသိပေးသင့်သည့်အပြင် ပြည်သူများက နိုင်ငံပိုင်မီဒီယာကို မကြည့်ကြသဖြင့် ဖုန်းသို့ SMS ပို့၍ သတိပေးနေရန် တင်ပြထားသည်။

ထို့ပြင် အကြမ်းဖက် Post များကို မျှဝေခြင်း၊ နှစ်သက်မှုပြခြင်း၊ မှတ်ချက်ပေးခြင်းများက အရေးယူခံရနိုင် ကြောင်း Viber မှတဆင့်လည်း သတိပေးစာများ ပို့သင့်သည်ဟု ဆိုထားသည်။

စစ်ကောင်စီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ ဝင်ငွေလမ်း ကြောင်းကို နည်းလမ်းမျိုးစုံဖြင့် ဖြတ်တောက်ရန်ကြိုးပမ်းနေကြောင်းလည်း အဆိုပါ အစည်းအဝေးမှတ် တမ်းတွင် တွေ့ရသည်။

The PDF Game သည် IT နည်းပညာရှင် တော်လှန်လူငယ်များဖန်တီးထားသည့် Game ဖြစ်ပြီး အဆိုပါ Game ထဲတွင် ကစားသူက PDF တပ်သားအဖြစ် ကစားရခြင်းဖြစ်သည်။ မစ်ရှင်များပြုလုပ်ရင်း စစ်ကောင်စီကိုတိုက်ခိုက်ရခြင်းဖြစ်ပြီး Game ကစားရင်းဖြင့် တော်လှန်ရေးကို အထောက်အပံ့ပြုနိုင်ရန် ရည်ရွယ်ဖန်တီးထားခြင်းဖြစ်သည်။

အဆိုပါ PDF Game နှင့်ပတ်သက်၍ ၂၀၂၂ခုနှစ်အတွင်းက New York Times သတင်းစာတွင်လည်း အကျယ်တဝင့် ဖော်ပြခဲ့ဖူးသည်။

"တော်လှန်ရေးအတွက်လုပ်ပေးနိုင်တာက ဒါလောက်ပဲရှိနေတော့ ဂိမ်းဆော့တာနဲ့ click တာကတော့ လုပ်ဖြစ်တယ်၊ သူတို့ဖမ်းမယ်ပြောနေတာက အခုမှလည်းမဟုတ်ဖူးလေ၊ ကိုယ်လုပ်စရာရှိတာတော့ ဆက် လုပ်နေမှာပဲ"ဟု PDF Game ကစားသူလူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် The PDF Game အပါအဝင် အခြားသော တော်လှန်ရေးထောက်ပို့ Game များကို သာမက Clicker များကိုလည်း ဖမ်းဆီးအရေးယူနိုင်ရန်နှင့် တော်လှန်ရေးအင်အားစုများ၏ ဝင်ငွေလမ်း ကြောင်းကို ဖြတ်တောက်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly