နွားထိုးကြီး- မြစ်သားလမ်းပေါ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

By ကိုခင်မောင် (မဇ္ဈိမ)
17 January 2023
နွားထိုးကြီး- မြစ်သားလမ်းပေါ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

ဇန်နဝါရီလ ၁၇ ရက်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် အရှေ့ဘက်ရှိ နွားထိုးကြီး- မြစ်သားလမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Natogyi People Defence Force( NPDF ) ထံမှ သိရသည်။

“အဲဒီမှာ စစ်ခွေး(စစ်ကောင်စီတပ်သား)တွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။အတိအကျကိုတော့ မသိရသေးဘူး။ သူတို့က မြို့ပေါ်ကနေ ထွက်ထွက်ပြီးတော့မှ အဲဒီဂိတ်မှာ စစ်ဆေးတာတွေ၊ ငွေတောင်းတာတွေလုပ်လေ့ရှိတယ်။” ဟု ၎င်းအဖွဲ့ ဒုတာဝန်ခံက ဆိုသည်။

ယနေ့ ဇန်နဝါရီ ၁၇ရက် နံနက် ၁၀နာရီခန့်အချိန်က နွားထိုးကြီးမြို့ အရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် အီနာဂါဗုံးသီးနှစ်လုံးတိတိ ကြဲချကာ တိုက်ခိုက်ခဲ့သည်ဟု NPDF အဖွဲ့မှ ဒုတာဝန်ခံက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် မပါဝင်ကြရန်၊ ကြံ့ခိုင်ရေးခေါင်းဆောင်များမှလည်း ပြည်သူများကို မစည်းရုံးကြရန်၊ ရွေးကောက်ပွဲကျင်းပရန် စည်းရုံးနေသူ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ကြောင်း NPDF အဖွဲ့မှ ဒုတာဝန်ခံက အသိပေးမှာကြားထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ရက်ကလည်း တရားမဝင်ရေးကောက်ပွဲ ပြုလုပ်ရန် ပြည်သူများကို စည်းရုံးနေသည့် နွားထိုးကြီးမြို့ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးဉာဏ်ထွန်းအောင်၏တပည့် ဒုတိယတာဝန်ခံ ဘဏ္ဍာရေးမှူးဦးကြာလှကို Natogyi People Defence Force( NPDF )မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့မရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲများ၊ စစ်ကောင်စီတပ်သားများသည် နွားထိုးကြီးမြို့နယ်အတွင်းရှိ ပြည်သူများထံမှ ခြိမ်းခြောက်၍ ငွေတောင်းခံခြင်း၊ လောင်းကစားများထံမှ ဆက်ကြေးကောက်ခံခြင်း၊ နိူင်ငံရေးပုဒ်မဖြင့် ချိတ်ပိတ်ခံထားရသည့် အိမ်များမှ ပစ္စည်းများ ခိုးယူလုယက်ခြင်းတို့ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း NPDF အဖွဲ့ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly