နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်သို့ ပို့ဆောင်

By Alden (မဇ္ဈိမ)
17 January 2023
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်သို့ ပို့ဆောင်

ဇန်နဝါရီလ ၁၇ ရက်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက တောင်ငူအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း အကျဉ်းထောင်နှင့်နီးစပ်သော မဇ္ဈိမ၏သတင်းရင်းမြစ်များက အတည်ပြုပြောကြားသည်။

သမ္မတဦးဝင်းမြင့်အား ဇန်နဝါရီလ ၁၄ ရက်နေ့က နေပြည်တော်ရှိ စစ်တပ်ဝန်းတစ်ခုမှ တောင်ငူအကျဉ်း ထောင်သို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

နေပြည်တော်စစ်တပ်ဝန်းမှ ယခုပြောင်းရွှေ့လိုက်သော တောင်ငူထောင်မှာ မိုင် ၆၀ ခန့်သာ ကွာဝေး ကြောင်း သိရသည်။

ယခုကဲ့သို့ သမ္မတဦးဝင်းမြင့်အား ထောင်ပြောင်းရွှေ့ပြီးနောက် ဇန်နဝါရီ ၁၇ ရက် ယနေ့တွင် တောင်ငူ အကျဉ်းထောင်၌ ထောင်ဝင်စာပါဆယ်ပို့ခြင်းမှအစ ထောင်တွင်းအထူးတရားရုံးအထိ လုံခြုံရေးတင်းကျပ် ထားကြောင်း အကျဉ်းထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။

သမ္မတဦးဝင်းမြင့်အား မည်သည့်အတွက်ကြောင့်ပြောင်းရွှေ့ခြင်းနှင့် မည်သို့ပြောင်းရွှေ့ခဲ့ခြင်းဆိုသည်ကို မဇ္ဈိမအနေဖြင့် လတ်တလော မသိရသေးပေ။

စစ်ကောင်စီမှစွပ်စွဲထားသည့် သမ္မတဦးဝင်းမြင့်၏အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ အချို့ကမူ ယခုကိစ္စရပ်အပေါ် အတည်ပြုတာခြင်းမရှိသလို မှတ်ချက်ပေးခြင်းမျိုးလည်းမရှိသေးပေ။

စစ်ကောင်စီက သမ္မတဦးဝင်းမြင့်ကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ဖမ်းဆီးခဲ့ပြီး ပုဒ်မအမျိုးအမျိုးဖြင့် စွပ်စွဲကာ တရားစွဲဆို ထောင်ချထားခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly