KNU တပ်ရင်းမှူးအား PDF များက ပစ်သတ်ဟု သတင်းမှားဖြန့်

By TK (မဇ္ဈိမ)
17 January 2023
KNU တပ်ရင်းမှူးအား PDF များက ပစ်သတ်ဟု သတင်းမှားဖြန့်

ဇန်နဝါရီလ ၁၇ ရက်

KNU တပ်မဟာ(၆) တပ်ရင်း(၂၇)မှ တပ်ရင်းမှူးရန်နိုင်ကို PDF များက အချင်းချင်း မကျေလည်မှု ကြောင့်ပစ်သတ်ခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်များနှင့် ဖေ့ဘုတ်စ်အကောင့်များမှ ဖြန့် ဝေလျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

ဖတ်ရှုရန်စာရင်းပေးသွင်းထားသူ ၄၀,၀၀၀ ကျော်ရှိသည့် “Ko Thet” တယ်လီဂရမ်ချန်နယ်မှ “ဇန် ၁ ရက် နေ့က သကသ KNU တမဟ ၆ ၊ ရင်း ၂၇ ၊ ရင်းမှူးရန်နိုင် အိမ်နားမှာ မဝရေစာစားရပြီး KNU ခိုင်းဖက်၊ PDF လေးတွေကို ခိုင်းတာမလုပ်လို့ဆိုကာ အချင်းချင်းရန်ဖြစ်ပြီး ငပွေးလေးတွေက ရက်ရက်စက်စက် ဇာတ်သိမ်း ပေးလိုက်ပါတယ်” (မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ စတင်ဖြန့်ဝေခဲ့သည်။

ထိုအကြောင်းသည် တယ်လီဂရမ်ချန်နယ်ခြောက်ခုတွင် ပျံ့နှံ့ခဲ့ပြီး ဖတ်ရှုသူပေါင်း ၅၀,၀၀၀ ထက်မနည်း ရှိခဲ့သည်။

“Aung Moe Zaw” အမည်ရှိ ဖေ့ဘုတ်အကောင့်တစ်ခုမှလည်း တော်လှန်ရေးသည် အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်နေပြီး KNU နှင့်စကားများရန်ဖြစ်ရာကာ တော်လှန်ရေးရဲဘော်တစ်ဦးကို ပစ်သတ်ခဲ့ ကြောင်း တော်လှန်ရေးအဖွဲ့၏ဓာတ်ပုံတစ်ပုံနှင့်တကွ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ယင်းကို ပြန်လည်မျှဝေသူ ၁၇၀ ကျော်ရှိခဲ့သည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ သတင်းတွင်ဖော်ပြသည့်ရဲဘော်၏ဓာတ်ပုံကိုစစ်ဆေးခဲ့ရာ လက် ရှိ Lion Battalion Commando ဗျူဟာစစ်ကြောင်းတွင် သတင်းနှင့်ပြန်ကြားရေးတာဝန်ထမ်းဆောင် နေသည့် ကိုထက်နေဝင်း၏ ဓာတ်ပုံဖြစ်နေသည်ကိုတွေ့ခဲ့ရသည်။ ၎င်း၏ ဖေ့စ်ဘုတ်အကောင့်တွင်လည်း ယခုကဲ့သို့ ဓါတ်ပုံသုံးကာ သတင်းမှားဖြန့်ဝေထားကြောင်းအသိပေးထားသည်။ လင့် - https://bit.ly/3QRx9Ny

ကိုထက်နေဝင်းကို ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော့်ကို သိသူတွေအတွက် ဒါကဟာသပါပဲ၊ မသိတဲ့ သူတွေကတော့ ဒီသတင်းက အမှန်လို့ထင်သွားနိုင်တယ်၊ ဒါကိုတော့စိတ်ပူပါတယ်။ စစ်တပ်က ကျွန်တော့် ဓာတ်ပုံတွေယူသုံးပြီး မကြာခဏ ဆိုက်ဝါးလုပ်တာခံရလေ့ရှိပါတယ်၊၊ စစ်တပ်မှမဟုတ်ဘူး အချို့လူတွေ ဆိုလည်း ကျွန်တော့်ဓာတ်ပုံတွေယူသုံးပြီး ပိုက်ဆံအလှူခံတာတွေရှိတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

ထို့အတူ သတင်းမှားဖြန့်ဝေသည့် “Aung Moe Zaw” အမည်ရှိ ဖေ့ဘုတ်စ်အကောင့်မှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ဖွင့်ထားသည့် ဖေ့စ်ဘုတ်အကောင့်ဖြစ်ပြီး ကရင်ပြည်နယ်တွင် လူသိများသည့် “Min Khant Aung” အမည်ရှိ အမျိုးသားတစ်ဦး၏ ဓာတ်ပုံကို ယူသုံးထားခြင်း ဖြစ်သည်။

KNU တပ်မဟာ (၆) ရင်း (၂၇)မှ တာဝန်ရှိသူတစ်ဦးက “ကိုထက်နေဝင်းက တပ်ရင်း(၂၇)က မဟုတ်ပါဘူး၊ ကော်သူလေတပ်မတော်မှာ တာဝန်ထမ်းဆောင်နေသူပါ။ တခါတလေ စစ်ကောင်စီကတစ်ဖက်က သတင်းနှိုက်ချင်လို့ မဟုတ်မမှန်သတင်းမျိူးတွေလွှင့်ပြီး နှိုက်တတ်ပါတယ်။ ဒါကိုသတိထားစေချင်တယ်။" ဟု မဇ္ဈိမသို့ ပြောကြားသည်။

ထို့ကြောင့် လက်ရှိပျံ့နှံ့နေသည့် KNU တပ်မဟာ (၆) တပ်ရင်း(၂၇)၏ တပ်ရင်းမှူးအား အချင်းချင်း မကျေလည်မှုများကြောင့် PDF က ပစ်သတ်သည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly